ပဲခူးတိုင်းအတွင်းရှိ သူရဲသမိန်စံပြကျေးရွာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သူရဲသမိန်တိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် စစ်ကောင်စီက ဆေးရုံ ကိုပိတ်သိမ်းလိုက်ကြောင်း ဒေသခံများကဆိုသည်။
သူရဲသမိန်ရဲစခန်းကို KNLA နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၂၇ ရက်တွင် သွား ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်တွင် အထက်ပါကျေးရွာရှိ တိုက်နယ်ဆေးရုံက ဆရာ၊ ဆ ရာမများအပါအဝင် ဆေးရုံဝန်ထမ်းများထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။
“ဆေးရုံက ဆရာ၊ ဆရာမတွေ ၁၅ ယောက်လောက်တော့ရှိမယ် ထွက်ပြေးသွားတာ။ ဆရာ၊ ဆရာမ တွေ မရှိတော့ မနေ့က(နိုဝင်ဘာ ၂၉ ရက်)စစ်သားတွေလာပြီးပိတ်သွားတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သူရဲသမိန်ဆေးရုံအား ပိတ်သိမ်းပြီးနောက် ဆေးရုံအနီးရှိ စာသင်ကျောင်း တွင်တပ်စွဲထားသဖြင့် ကျေးရွာအတွင်းနေထိုင်သည့် ရွာသူ၊ ရွာသားများလည်း ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ဆေးရုံလာပိတ်တဲ့နေ့ကတည်းကစာသင်ကျောင်းမှာ စစ်သားတွေရောက်နေတာ အများကြီးပဲ။ အစ်မ တို့လည်းထွက်ပြေးနေရတယ်။ ရွာသားတွေကတော့ မြို့ပေါ်တွေရော၊ နီးစပ်ရာအမျိုးတွေဆီသွားနေကြ တယ်။ တစ်ချို့တွေကားငှားမရလို့ ဘယ်မှာမသွားရသေးဘူး”ဟု ၎င်းကဆိုသည်။
သူရဲသမိန်ကျေးရွာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရွာခံ ၅ ဦးကိုဖမ်းဆီးခဲ့ပြီး ၂ ဦးကိုပြန် လွှတ်ပေးခဲ့ကာ ဆေးရုံစောင့်ဝန်ထမ်းနှင့် ၎င်း၏သမီးနှစ်ဦးတို့ပြန်လည်လွတ်မြောက်ခြင်းမရှိသေး ကြောင်း သူရဲသမိန်ကျေးရွာတွင်နေထိုင်သူတစ်ဦးကဆိုသည်။
“တိုက်ပွဲဖြစ်တဲ့နေ့က ဆေးရုံစောင့်နဲ့ သူသမီးနှစ်ယောက်၊ ရွာထဲက သားအဖနှစ်ယောက်ကိုဖမ်းသွား တယ်၊ ရွာထဲက သားအဖနှစ်ယောက်ကတော့ခံဝန်နဲ့ပြန်လွတ်လာတယ်ပြောတယ်။ ဆေးရုံစောင့်မိသားစု ၃ ယောက်ကိုတော့ပြန်မလွှတ်သေးဘူး။ ဘာလို့အဖမ်းခံရတာလဲမသိဘူး”ဟု ၎င်းကပြောသည်။
သူရဲသမိန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။

