ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံစစ်သား ၃၀ ကျော် အရှင်ဖမ်းမိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း CDF(Zotung) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
ZZLMS Operationဟု အမည်ပေးထားသည့် ချင်းကာကွယ်ရေးတပ်ပေါင်းစုများဖြစ်သည့် CDF(Zotung)၊ CDF(Zophei)၊ CDF(Lautu)၊ CDF(Mara)နှင့်CDF(Senthang)တို့က နိုဝင်ဘာ ၂၅ ရက်တွင် ရေဇွာမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNA/CNF)နှင့် CDF (မတူပီ)တို့က လာရောက်ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ခြင်း ဖြစ်သည်။
“ကျွန်တော်တို့မတိုက်ခင်မှာ အညံ့ခံတာတွေလည်းရှိတယ်။ အယောက် ၃၀ ကျော်ကတော့ ကျွန်တော်တို့ ဖမ်းဆီးရမိတာပေါ့။ သူတို့ကို စစ်သုံ့ပန်းဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်။ သေချာကတော့ သူတို့(စစ်ကောင်စီ)လုပ်သလို ဥပဒေမဲ့ဆောင်ရွက်မှာမဟုတ်ဘူး”ဟု CDF(Zotung)အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက MPA ကိုပြောသည်။
ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက် က ၄ ဦးကျဆုံးကာ စစ်ကောင်စီ၏လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။
ZZLMS Operationအနေဖြင့် လက်ရှိတွင် ရေဇွာမြို့ကိုထိန်းချုပ်၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင် နေပြီး စစ်ရှောင်ပြည်သူများအား ဘေးကင်းလုံခြုံသည့်အနေအထားရောက်သည့်အချိန်တွင် ပြန်လည်နေ ရာချထားရေးများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုထိတော့ မြို့ထဲကိုပြန်မဝင်ခိုင်းသေးဘူး။ ရှောင်နေရတုန်းရှိသေးတယ်။ ရှင်းလင်းရေးတွေလုပ်ပြီးမှ ပြန်ဝင်ခိုင်းမယ်လို့သိရတယ်။ စကစကလည်း လေကြောင်းနဲ့လာလာတိုက်နေတော့လေ”ဟု ရေဇွာမြို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် နိုဝင်ဘာလအတွင်း ရေဇွာမြို့၊ ရိဒ်ခေါဒါရ်မြို့နှင့် လိုင်လင်းပီမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီအထိုင်ချစခန်းများကိုလည်း သိမ်းပိုက်နိုင်မှုများရှိခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းစွန့်ခွာမှုများလည်း ရှိနေသည်။

