By MPA
အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်တပ်ထဲသို့ ဝင်ရောက်မည့် စစ်သားသစ် စုဆောင်းရာတွင် ပညာအရည်အချင်း ၄ တန်းအောင်လျှင် ဝင်ခွင့်ပြုရန် လျှော့ချညွှန်ကြားလိုက်ကြောင်း တပ်မတော် အသိုင်းအဝိုင်းက သိရသည်။
ယခင် စစ်အာဏာသိမ်းမှုမတိုင်မီ စစ်တပ်သို့ဝင် ရောက်မည့် စစ်သားသစ်များသည် ပညာအရည်အချင်း ၆ တန်းအောင်မှသာ ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။
“ အခုက ရဲဘော်သစ်စုရတာ အရင်လောက်မလွယ်တော့ အရင် ၆ တန်းအောင်ကနေ ၄ တန်းအောင်ရင် စုဆောင်းလို့ရတယ် ” ဟု နယ်မြေအလိုက် စစ်သားစုဆောင်းရေး လုပ်နေသူ စစ်မှုထမ်းဟောင်းတဦးက MPA သို့ ပြောသည်။
ယခင်ကာလများတွင် စစ်တပ်အနေဖြင့် Standard Army ဖြစ်စေရေးအတွက် ပညာအရည်အချင်း ကန့်သတ်မှုများ ပြုလုပ်ပြီး တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ရင်း ပညာဆက်လက်သင်ကြားခွင့် ပေးခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကြောင့် CDM ဝန်ထမ်းများ၊ CDM ရဲများနှင့် စစ်သားများ များပြားလာပြီး ပြည်သူများအနေဖြင့် စစ်တပ်နှင့် ပိုမိုဝေးကွာလာကာ စစ်သားသစ် အဖြစ် ဝင်ရောက်သူ နည်းပါးနေကြောင်း သိရသည်။
#တပ်သားသစ် #၄တန်းအောင် #CDM #MPA