စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့ပေါ်ရှိ တပ်အထိုင်စခန်း၄ခုကို PDFများ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီး ပြီးနောက် ရဲစခန်းတွင်သာ စစ်သားများ တစ်စုတစ်စည်းတည်း ခြေကုပ်ယူထားတော့ကြောင်း သိရသည်။
နိုဝင်ဘာ၂၂ရက်၊နံနက်၁၂နာရီခွဲခန့်က တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် ထွေအုပ်ရုံး၊ အထက – ၁ ၊ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဝန်းတို့ကိုဒေသတွင်း PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့မရဲစခန်း၌သာ တစ်ပေါင်းတည်း ခြေကုပ်ယူကာ မြို့တွင်းလုံခြုံရေးကိုလည်း တိုးမြှင့်ထားကြောင်း တန့်ဆည်မြို့ခံတစ်ဦးကပြောသည်။
” တိုက်ပွဲတွေဖြစ်ပြီးတော့ လူသွားလူလာနဲ့ ကုန်ကားတွေ နည်းသွားတယ်ကို သတိထားမိတယ်။ ဖြစ်ပြီး စစ်တပ်က မြို့ပေါ် အစစ်အဆေး များလာတယ်။မြို့ပေါ် စိမ်းလို့နေအောင် ချထားတယ်” ဟု ၎င်းကပြောသည်။
ရဲစခန်းသို့သွားသည့်လမ်းကို အမြဲပိတ်ထားပြီး မြို့အဝင်အထွက်တွင်လည်း ဆက်ကြေးကောက်နေ ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊အင်္ကုက္ကားရွာရှိ ပျူစောထီးတို့သည်လည်း မကြာမီ တန့်ဆည်မြို့ပေါ်သို့ ပြောင်းရွှေ့ လာတော့မည်ဟု သတင်းထွက်ပေါ်နေကြောင်းလ ည်းသိရသည်။
” အင်္ကုက္ကားကပျူတွေလည်း စပါးသိမ်းပြီးရင် မြို့ပေါ်ရွှေ့တော့မယ်လို့ သိထားတယ်။ဟုတ်တယ်၊အ ခုက ရိတ်နေတယ်လို့ပြောနေတာဗျ။ ရိက္ခာဖြစ်တဲ့ စပါးတွေ မသိမ်းသေးတော့ မရွှေ့ကြသေးတာ။ ရိတ်ဖို့သိမ်းဖို့ပြင်နေကြတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
တန့်ဆည်၊ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့တွင် ပျူစောထီးခေါင်းဆောင်အဖြစ် လှုပ်ရှားနေသော မဘသဘုန်းကြီး ဥူးဝါသဝ မှာမူ နိုဝင်ဘာ၂၅ရက်မှစတင်ကာ အွန်လိုင်းပေါ် မတွေ့တော့ကြောင်း Platt Suport Force ၏ မြေပြင်တာဝန်ခံ Ko plattက ပြောသည်။
“အခြေအနေကတော့ စောင့်ကြည့်နေရတယ်။ မျက်ခြေပြတ်လို့မရဘူး။ ဝါသဝက ပျောက်နေတယ်။ စကစ ကမြို့ပေါ် ပြင်ဆင်နေတာတွေ ရှိတယ်။ဒါကြောင့် ကျနော်တို့ကလည်း အကဲခတ်နေရတယ်” ဟု ၎င်းက ပြောသည်။
တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီး ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ ပြုလုပ်လျက်ရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း အထူးဂရုစိုက်၍ သွားလာကြရန်တန့်ဆည်PDF တပ်ဖွဲ့များက တိုက်တွန်းထားသည်။
နိုဝင်ဘာ၂၂ရက် တိုက်ခိုက်မှုတွင် စစ်သားအများအပြားသေဆုံးခဲ့ပြီး ဆုတ်ခွာနိုင်သည့်စစ်သားတို့မှာ တန့်ဆည်မြို့မရဲစခန်းသို့ ထွက်ပြေးခဲ့ကြသည်။