စစ်ကောင်စီက ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တပ်ဆင်ထားသော CCTV ကင်မရာများ ၏ ပက်စ်ဝေါ့များကို ရန်ကုန်တိုင်းလွှတ်တော်ရုံးသို နိုဝင်ဘာ ၂၈ ရက်အမှီပေးပို့ရန်ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များထံက စုံစမ်းသိရှိရသည်။
“ရန်ကုန်တိုင်းလွှတ်တော်ထဲကို ခေါ်ထားတယ်။ အဲ့ဒီမှာ ပက်စ်ဝေါ့သွားပေးရမှာ။ ဘာကြောင့်ပေးရမယ် ဆိုပြီးလည်း မပြောဘူး။ အကြောကြီးနဲ့ ဟိန်းဟောက်ပြီးတောင်းတာ”ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီအ ရောင်းဆိုင်တစ်ဆိုင်က တာဝန်ရှိသူတစ်ဦးကဆိုသည်။
လတ်လောတွင် စစ်ကောင်စီ CCTV ကင်မရာပက်စ်ဝေါ့များ တောင်းခံရခြင်း၏ အကြောင်းအရင်းကို ရှင်း လင်းပြောကြားထားခြင်းမရှိသဖြင့် ဆီဆိုင်နှင့်ပတ်သက်သည့် အဝင်အထွက်အချက်အလက်များကို CCTV မှ တစ်ဆင့်စောင့်ကြည့်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ချက်များလည်းရှိနေသည်။
“ကျွန်တော်တို့ဆီကို ဆီကားက ညနေ ၃ နာရီရောက်တယ်ဆို ၃ နာရီရောက်တယ်လို့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်)ကို သတင်းပို့ရတယ်။ သူတို့ကရောက်တာ ဟုတ်၊ မဟုတ် CCTV ကနေလှမ်း ကြည့်တာပေါ့။ ကားတွေရဲ့ GPS တွေကလည်းသူတို့ဆီမှာရှိနေတော့ ကား GPS နဲ့ ဆိုင်က CCTV နဲ့တိုက် စစ်တဲ့သဘော”ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆို သည်။
စက်သုံးဆီဆိုင်များကို ဝင်၊ ထွက်သွားလာနေသော ဆီဘောက်ဆာကားများ၏ GPS များကိုလည်း စစ် ကောင်စီတပ်ဖွဲ့ဝင်များထံ ပေးထားရသည်မှာ ၆ လခန့်ရှိပြီဖြစ်ပြီး အဆိုပါ GPS မှတစ်ဆင့် ဆီဘောက် ဆာကားများ၏ လမ်းကြောင်းကိုစောင့်ကြည့်လျက်ရှိကြောင်း ယာဉ်မောင်းတစ်ဦးကဆိုသည်။
“ဆီကဟိုရက်ကပြတ်သွားတာဟုတ်တယ်၊ သူတို့ကြောင့်။ ဆီမရှိတာမဟုတ်ဘူး။ စာရင်းအစည်းအဝေး ပြီးမှ ချပေးတာ။ အဲ့ဒီအစည်းအဝေးမပြီးတာ၊ မပြီးတော့ ဆီထုတ်မရလို့ပြတ်တာ သုံးရက်၊ နောက်ထပ် ၄ ရက်ထပ်ပြတ်တော့ တစ်ပတ်ဖြစ်သွားတာ။ အဲ့ဒီမှာမှောင်ခိုတွေက တစ်လီတာ ၄၀၀၀ နဲ့ရောင်းစားကြ တယ်။ မှောင်ခိုတွေလက်ထဲရောက်မှာဆိုးလို့ PPRD ကပုံးတွေ၊ ပီပါတွေမရောင်းခိုင်းတာအခုထိပဲ။ အဲ့ဒါ ကိုတပ်က ရောင်းဖို့ဖိအားပေးတာ။ ကျွန်တော်တို့လဲဘယ်သူ့ကြောက်လို့ကြောက်ရမှန်းမသိဘူး”ဟု စက် သုံးဆီအရောင်းဆိုင်က တာဝန်ခံတစ်ဦးကဆိုသည်။
နိုဝင်ဘာလမှစတင်၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီများကိုအကန့်အသတ်ဖြင့်ရောင်းချခြင်း၊ မကြာခဏ အရောင်းဆိုင်းငံ့ထားခြင်းတို့ကြောင့် 92 Octane နှင့် 95 Octane ကဲ့သို့သော စက်သုံးဆီ များဝယ်ယူရန် ခက်ခဲနေသည်ဟု သိရသည်။