ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီက ရခိုင်ကမ်းရိုးတန်း၌ ငါးဖမ်းခွင့် ပိတ်ပင်ထားသည့် အပြင် လမ်းများကိုလည်း ပိတ်ဆို့ထားသောကြောင့် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာ ၀ယ်မရဘဲ၊ အငတ်ဘေးဆိုက် လုနီးပါး အခြေအနေကို ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ကမ်းရိုးတန်းရှိ တံငါရွာများ၌ စစ်ကောင်စီက ပင်လယ်ပြင်မထွက်ရန် တားဆီးထားသဖြင့် ဒေသခံများ ငါးဖမ်း မထွက်ရဲဘဲ ရှိနေကြောင်း သိရသည်။
“ အရင်က တစ်ရက်ကို သိန်းတစ်ရာဖိုးလောက် ဖမ်းမိတာရှိတယ်။ ဖမ်းမိရင် အလုပ်သမားတွေနဲ့ မျှယူရတာပေါ့။ အခုက စစ်တပ် Navy သင်္ဘောတွေ မရှိရင် ဆင်းဖမ်းပေမယ့် နေ့ခင်းပိုင်းက ငါးမရဘူး။ ညပိုင်းလောက်တော့ မရဘူးလေ၊ ညပိုင်းထွက်ပြီး ဖမ်းလို့မရဘူး” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ငါးရသည့် ညဘက်အချိန်များတွင်မူ စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ထားသဖြင့် ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများမှာ မီးထွန်း၍ ငါးဖမ်းပါက စစ်တပ်က ပစ်ခတ်ခံရမည်စိုးရိမ်သောကြောင့် ငါးဖမ်းမထွက်ရဲခြင်းဖြစ် ကြောင်း သံတွဲမြို့မှ ရေလုပ်သားတစ်ဦးက ပြောသည်။
“ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ထားတော့ မီးထွန်းလို့မရဘူး။ မီးထွန်းလို့ မရတော့ ငါးဖမ်းထွက်လို့မရဘူး။ သူတို့က မထွက်နဲ့ဆို မထွက်ရဲဘူး” ဟု အဆိုပါ ရေလုပ်သားကပြောသည်။
ထိုသို့ ငါးဖမ်းခွင့်ပိတ်ခံ ထားရသည့်အပြင် တစ်ရွာနှင့် တစ်ရွာ ကူးသန်းသွားလာရန်ပင် စစ်ကောင်စီက လမ်းများ ပိတ်ထားသဖြင့် တံငါရွာများမှာ စားနပ်ရိက္ခာ ၀ယ်ယူ၍ မရဘဲဖြစ်နေကာ၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်း ကျော်ပေါက်စျေးဖြင့် ဝယ်ယူရသော်လည်း၊ ယင်းမှာလည်း အကန့်အသတ်ဖြင့်သာ ဝယ်ယူ၍ ရကြောင်း ရခိုင်ကမ်းရိုး တန်းရှိ တံငါရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ ဆင်းသွယ်တစ်အိတ်ကို တစ်သိန်းကျော်တယ်။ အဲ့ဒါတောင် မနေ့က တစ်ပိုင်း(အိတ်တစ်၀က်)ပဲ ၀ယ်လို့ရတယ်။ ဒီမှာ စစ်တပ်က လမ်းပိတ်ထားတော့ ဘာမှ ၀ယ်လို့မရတော့ဘူး” ဟု ၎င်းက ရှင်း
နို၀င်ဘာ ၂၇ ရက်က စပြီး စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်၌ ကျေးရွာတစ်ရွာနှင့် တစ်ရွာပင် ဖြတ်သန်းခွင့်အား ပိတ်ပင်မည်ဟု ကြေညာ ထားပြီး၊ ထိုအခြေအနေဖြစ်လာပါက ငါးဖမ်းမရ ၊ ရိက္ခာဝယ်မရသည့် တံငါရွာများ အငတ်ဘေးကြုံတွေ့ရမည့် အခြေအနေအတွက် ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။
“ အခြေအနေက ဘာဖြစ်လဲဆိုရင် ၂၇ရက်ဆို စစ်တပ်က တစ်ရွာနဲ့တစ်ရွာပါ ပေးမသွားတော့ဘူး။ ငတ်တော့မယ်လို့ပဲ ပြောချင်တယ်” ဟု သံတွဲမြို့ရှိ တံငါရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ပါ၀င်နေသည့် ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း၌လည်း တိုက်ပွဲဖော်ဆောင်လာခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်လျှက် ရှိသဖြင့် ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ရက်သတ္တပါတ်များက စကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့သည်။