စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ် ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး၊ ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မနေ့ (နို၀င်ဘာ ၂၅)က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခဲ့တယ်။ ကျတော်တို့ရွာပေါ် လက်နက်ကြီးကျတယ်။ ၄၃နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်။ ၇ နှစ်အရွယ်ကလေးတစ်ဦး ညာခြေထောက် ပြတ်တယ်” ဟု ပြည်တော်သာ ကျေးရွာ ဒေသ ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ရက်မှစတင်ကာ ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများ ဖြင့် မကြာခဏပစ်ခတ်နေသဖြင့် လူနေအိမ်များ၊ ဘုရားကျောင်းများထိခိုက်ပျက်စီးခဲ့ကာ ပြည်သူ့အချို့ ထိခိုက်သေဆုံး ခဲ့ခြင်းလည်းဖြစ်သည်။
“ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက စစ်ကောင်စီတပ်က ပြည်သူတွေ ရှိတဲ့နေရာတွေဆီကို လက်နက်ကြီးနဲ့ပစ်နေတာ ဒီအနေ့အထိဆိုရင် ပြည်သူ ထိခိုက်သေဆုံးတာ ဆယ်ဦးအထက်ရှိပြီ” ဟု ကလေးမြို့နယ် လူစာနာတာ၀န်ခံက ပြောသည်။
နို၀င်ဘာ ၂၃ ရက်တွင် ကလေးမြို့ရှိ စစ်ကောင်စီ၏ ရန်ကြီးအောင်စခန်းအား PDF-Kalay, CNDF ,ဒေသခံ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကာ စစ်သားနှင့် ပျူစောထီး ၁၁ သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကြီးအောင်စခန်းမှ ထွက်ပြေးသွားသည့် စစ်သား ၂၀ ကျော်အနက် တပ်သားတစ်ဦးနှင့် အရာရှိတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။



