တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး၊ နေအိမ်အချို့နှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြောင်း လောင်းလုံမြို့နယ် ပကဖ ထံမှ သိရသည်။
နိုဝင်ဘာ ၂၃ရက်၊ မွန်းလွဲ ၁နာရီခန့်က ထားဝယ်မြို့မှ မြစ်ချောင်းအတိုင်း စုန်ဆင်းလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် သပြေရှောင်ရွာ ကမ်းစပ်ရှိ ရေလုပ်သားနားနေဆောင် ၇ဆောင်နှင့် ဆိုင်ကယ် ၂၄စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အယောက် ၂၀ ကိုဖမ်းဆီးစစ်ဆေးခဲ့ခြင်းကြောင့် အနီးအနားကျေးရွာရှိ ပြည်သူ ၃၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
“ ၁နာရီလောက်မှာ ကမ်းကပ်ပြီး ၂နာရီ လောက်ကြ ရွာကိုမွှေနေပြီ၊ ဒေသခံပြည်သူ ၂၀ကို ဖမ်းပြီး စစ်ဆေးမှုများစွာ လုပ်ပြီး မိုးချုပ်တော့ ပြန်လွှတ်ပေးခဲ့တယ်။ ပစ္စည်းတွေလည်း ယူသွားတာတွေရှိတယ်” ဟု လောင်းလုံ ပ.က.ဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၂၃ရက်၊ ည ၈နာရီခွဲခန့်တွင် သပြေရှောင်ရွာသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်နီမော်ပျူရွာသို့ တပ်ဆုတ်သွားကြောင်းသိရသည်။
ယင်းအပြင် နိုဝင်ဘာ ၂၄ရက်တွင် ကျောက်နီမော်ရွာအောက်ပိုင်းရှိ ကျောက်ဝပ်ပြွင်၊ အောက်ကျောက်ဝပ်၊ ငရဲချောင်းကျေးရွာများသို့ စစ်ကား ၃စီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
ထိုကဲ့သို့ နှစ်ရက်ဆက်တိုက် သပြေရှောင်ရွာနှင့် ကျောက်နီမော်အောက်ပိုင်းရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်း ထိုးသဖြင့် ဒေသခံပြည်သူ ၃၅၀၀ခန့်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ စစ်တပ် စစ်ကြောင်းထိုးရင် ကျတော်တို့က ဘေးလွတ်ရာပြေးရတာပဲ၊ သူတို့(စစ်ကောင်စီ)က မထင်ရင် မထင်သလို လုပ်တာလေ” ဟု လောင်းလုံမြို့ ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်လည်း နိုဝင်ဘာ ၂၄ရက်မနက်ပိုင်းမှစတင်ကာ ကျော်နီမော်မှ ရှင်မော်ရွာအထိ ဖုန်းလိုင်းများဖြတ်တောက် ထားခံရကြောင်းလည်း လောင်းလုံမြို့နယ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။