လောက်ကိုင်မြို့မှ ထွက်လာပြီး နေရပ်ပြန် ကားတစ်စီး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၂၂ရက်)နံနက် ၉နာရီခန့်က လောက်ကိုင်မြို့၊ကျားခြံရုံနှင့် ဖရဲသီးဆီဆိုင်ကြား တွင် ကားတစ်စီး လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့၌ နေထိုင်သူတစ်ဦးကပြောသည်။
“ ဒီနေ့ပြန်တာကအရင်ရက်တွေလောက် ပြန်သူမများဘူး။ထောင်ချီတော့ရှိမယ်။ သူတို့အချင်းချင်းလူ စုပြီးပြန်ကြတာ။မြို့ထဲမှာလည်း အကုန်စျေးတက်တော့ ပြန်ဖို့စောင့်နေကြသူတွေပြန်ကြတာ ‘ဟု ၎င်းကပြောသည်။
လောက်ကိုင်မြို့မှ ထွက်လာသည့် လူများ ကြားထဲရှိ ကားထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး သေဆုံးထိခိုက်စာရင်းကို အတည်မပြုနိုင်သေးပေ။
“ ကားပေါ်ပါတဲ့တစ်ယောက်ကတော့သေတယ်ပြောကြတယ်။ခေါင်းထိတယ်ဆိုပြီးပြောနေကြတာ။ထိတဲ့သူတွေတော့ကျန်ခဲ့တယ်။ကျန်တဲ့သူတွေအကုန် လှည့်ပြန်လာကြတာ။ ဘယ်နှယောက်ထိ တယ် ဆိုတာတော့အတိအကျမသိရဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လောက်ကိုင်မြို့ပြင်၌ ညီနောင်၃ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေပြီး လောက်ကိုင်မြို့အနီး၌ ယနေ့နံနက်မှစတင်ကာတိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
“ လွန်ခဲ့တဲ့ ၃ရက်လောက်က မြို့ပြင်ကနေတော့ကြားရတယ်၊အကျယ်ကြီးပဲ။ အပြင်ကနေတောင်ကြားရတယ်။ မနေ့ကတော့ အဲ့လောက်မကြားရဘူး။ အခြေအနေငြိမ်ပြီဆိုပြီး ပြန်ကြတာထင်တယ်။ဒီနေ့မနက်မှပြန်ပစ်ကြတာ။မြို့ပြင်တောင်မရောက်သေးဘူးလေ။မြို့ထဲကနေစစ်တပ်ကလက်နက်ကြီးနဲ့လှမ်းပစ်တာ “ ဟု ၎င်းကဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် လောက်ကိုင်မြို့တွင် ကုန်စျေးနှုန်း အဆမတန်တက်သွားသည့်အပြင် လုံခြုံရေးအခြေအနေအရ လက်ရှိနေထိုင်နေသူများရော ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသူများပါ ဇာတိမြေသို့ပြန်ချင်နေကြသည်။
“ အစစအရာအရာစျေးတက်တယ်။ခုကပိုက်ဆံရှိရင်တောင်ဝယ်လို့မရဘူးလေ။စျေးကလည်းအဆမတန်ကိုတက်နေတာ။ထမင်းတောင်ငတ်နေသူတွေအများကြီးပဲ။မီးလည်းပြတ်၊ရေလည်းပြတ်တော့ နေလို့မကောင်းတော့ဘူး” ဟု လောက်ကိုင်မြို့တွင်အလုပ်ပ်လုပ်နေသူတစ်ဦးကပြောသည်။
လောက်ကိုင်မြို့အနီး တာကျူချင့်ရွာအနောက်ဘက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တာရွှေထန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို
MNDAA က နိုဝင်ဘာ ၁၉ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဝန်းရံပိတ်ဆို့ထားသည်ဟု သတင်းထုတ်ပြန်ထားသည်။