မကွေးတိုင်း၊ ကျောက်ထု အမြောက်တပ်မှ ယခုရက်ပိုင်းအတွင်း စစ်သား ၁၈ ဦး ထွက်ပြေးခဲ့ကြောင်း သိရသည်။
နို၀င်ဘာ ၁၇ ရက်နေ့၌ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်အတွင်းမှ စစ်သား ၄ ဦး ထွက်ပြေးခဲ့ပြီး နို၀င်ဘာ ၂၀ ရက် နံနက်ပိုင်းတွင်လည်း နောက်ထပ် စစ်သား ၁၄ ယောက် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်းဒေသတွင်း တော်လှန်ရေးသတင်းများတင်ဆက်နေသည့် အဖွဲ့တစ်ခုမှ တာဝန်ရှိသူထံက သိရသည်။
ယင်း စစ်သား ၁၄ယောက်ထဲမှ ၄ ဦးမှာ ကျောက်ထုမြို့ အထွက်၌ စစ်တပ်၏ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီး ကျန် ၁၀ ဦးမှာ ယခုအချိန်ထိလွတ်မြောက်နေဆဲ ဖြစ်သည်။
“ အရင်ကလည်း အမြောက်တပ်ကနေ ထွက်လာတာ ရှိတယ်။ နီးစပ်ရာ တော်လှန်ရေး အဖွဲ့တွေ နဲ့ ချိတ် တာ ရှိသလို မချိတ်ဆက်တာလည်း ရှိတာပေါ့။ ခု ၁၄ ယောက်ပါ့ နော် ။သူတို့ကတော့ ချိတ်ဆက်တာ မကြားရဘူး။ လက်နက်ပါသွားလား၊ မသွားလားလည်း မသိရဘူး “ ဟု ၎င်းက MPA ကို ပြောသည်။
ယင်းသို့ ထွက်ပြေးကြခြင်းမှာ အမြောက်တပ်အတွင်း စည်းလုံးမှုပြိုကွဲနေခြင်းကို ဖော်ပြနေကြောင်း လည်း ၎င်းကဆက်လက်ပြောသည်။
ယင်းသို့ စစ်သားများ ထွက်ပြေးပြီး နောက် နို၀င်ဘာ ၂၀ ရက် ညနေပိုင်း၌ ကျောက်ထုမြို့ အနောက်ေတာင်ဘက်ရှိ ရင့်ရဲ ကျေးရွာသို့ စစ်သားအင်အား ၃၀ ခန့်ဖြင့် လာရောက် ရှာ ဖွေ ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
ထိုသို့ ရှာ ဖွေ အပြီး နို၀င်ဘာ ၂၀ ရက်နေ့ည ပိုင်း မှစ၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ယောမြို့ကျေးရွာသို့လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့ ပြီး အမျိုးသမီးတစ်ဦး နဖူး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ယောအလင်းတန်း ထံက သိရသည်။
“ သူတို့က ဒီနားက ရွာ တွေမှာ ခိုအောင်း နေတယ် ထင်လို့ နေမယ်။ ရွာတွထဲကို ပစ်တာ ဆက်တိုက်ပဲ။ နေအိမ်ပေါ်တွေ ကျတယ်” ဟု ရင့်ရဲရွာအနီးနေဒေသခံတစ်ဦးကပြောသည်။
နိုဝင်ဘာ၂၀ရက်ညနေပိုင်းတွင်စစ်တပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် နသိုးကျေးရွာနှင့် သရက်ချဉ်ကျေးရွာကြားသို့ ၄ လုံး၊ မင်းကြည့်ကျေးရွာထဲသို့ ၂ လုံး ၊ရဲစခန်းမြောက်ဘက် လယ်ကွက်ထဲသို့ ၁ လုံးနှင့် မြို့မစျေးနားသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းက ထုတ်ပြန်ထားသည်။
ကျောက်ထု အမြောက်တပ်မှာ ယခင်က ကာကွယ်ရေးတပ်ဖွဲ့များရှိနိုင်သည်ဟုထင်သော နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ယခုလို တပ်ပြေးများ ရှိပြီးနောက် နီးစပ် ရာ ကျေးရွာများသို့ပါ လက်နက်ကြီးဖြင့် ပစ်နေခြင်း ဖြစ်ကြောင်း သိရသည်။