ရန်ကုန်တိုင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့ရှိ အဆောင်များ၏ အဝင်အထွက်အရှေ့တွင် CCTV တပ်ရန် အဆောင်ရှင်များကို စစ်ကောင်စီက ဖိအားပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်) မှစတင်ကာ သက်ဆိုင်ရာမြို့နယ်များရှိ ရာအိမ်မှူးများက အဆောင်ပိုင်ရှင်များကို တွေ့ဆုံခဲ့ပြီး၊ CCTV တပ်ခြင်းမရှိပါက ဒဏ်ငွေသို့မဟုတ် ထောင်ဒဏ်ကျခံရမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့၊ ၈ ရပ်ကွက်ရှိ အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အဆောင်ရဲ့အရှေ့မှာ CCTV တပ်ရမယ်ဆိုပြီး ရာအိမ်မှူးက လာပြောတာ၊ ဘာလို့တက်ခိုင်းတာလဲမေးတော့ အဆောင်အဝင်အထွက်သိချင်လို့ဆိုပြီးပြောတယ်။ ပြီးတော့ CCTV မှတ်တမ်းတွေလည်းသိမ်းထားရမယ်။ သူတို့ ကြိုက်တဲ့အချိန်ဝင်စစ်မယ်ဆိုပြီး ပြောသွားတာ” ဟု ၎င်းက ရှင်းပြသည်။
အဆောင်များတွင် CCTV တပ်ခြင်းအား နိုဝင်ဘာလကုန် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်ပြီး၊ ခိုင်းစေသည့်အတိုင်း မပြုလုပ်သူများသည် စစ်ကောင်စီအား ဆန့်ကျင်သည့်သူများဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်ရှိ အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ အဆောင်က အမျိုးသမီးအဆောင်ဆိုတော့ CCTV တပ်ဖို့က အဆင်မပြေဘူးလေ၊ အဝင်အထွက်ကြည့်လို့ရအောင် အဆောင်ထဲတော့ ကင်မရာမလှည့်ဘဲ၊ လမ်းဘက်လှည့်ပြီးတပ်ပေးမယ် ပြောတော့လည်းလက်မခံဘူး။ သူတို့ပြောတဲ့ အတိုင်းမလုပ်ရင် သူတို့ကိုဆန်ကျင်တာပဲ ပြောတော့ CCTV တပ်မဲ့ ကိစ္စအဆောင်ကမိန်းကလေးတွေကို ပြောပြရ တယ်။ မိန်းကလေးတွေကလဲ လက်မခံဘူးလေ၊ CCTV တပ်ရင် အဆောင်ပြောင်းမယ်ဆိုပြီးပြောကြတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက အဆောင်များ၌ CCTV တပ်ခိုင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး၊ အမျိုး သမီးများ၏ အရှက်သိက္ခာအတွက် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ကြောင်း ရွှေပြည်သာမြို့ရှိ မိန်းကလေးအဆောင် တစ်ခုတွင် နေထိုင်သည့် အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ အဆောင်မှာနေတဲ့ သူအများစုက အထည်ချုပ်စက်ရုံ၊ အထပ်သားစက်ရုံ၊ ဖိနပ်စက်ရုံ၊ ကြက်တောင်စက်ရုံ စတဲ့ စက်ရုံ အတော်များများမှာလုပ်ကြတာပါ၊ အဲ့ဒါကိုလည်းရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေသိတယ်။ အခုလို မယုံသင်္ကာနဲ့ ပြုမှု တာ အတော်ကိုဆိုးတယ်” ဟု အဆောင်နေ အမျိုးသမီးငယ်တစ်ဦးက ရှင်းပြသည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ရွှေ့ပြောင်းလုပ်သားအများစုသည် အဆောင်များ၌ ငှားရမ်းနေထိုင်ပြီး စစ်ကောင်စီအနေဖြင့် CCTV တပ်ခိုင်းရခြင်းသည် ၎င်းတို့ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများကို အလွယ်တကူ ဖမ်းဆီးနိုင်ရန်နှင့် ရပ်ရွာပြည်သူများ အေးချမ်းစွာနေထိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ လှိုင်သာမြို့နယ်ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးတစ်ဦးက ဖြေရှင်းချက်ပေးထားသည်။
ယခုလို အဆောင်များ၌ CCTV တပ်ရန် စစ်ကောင်စီက ဖိအားပေးနေခြင်းကြောင့် အဆောင်ရှင်နှင့် အဆောင်နေသူများ အကြားအငြင်းပွားမှုများဖြစ်ပေါ်နေပြီး၊ ငှားရမ်းနေထိုင်သူများသည် အဆောင်ပြောင်းရွှေ့မှုကြောင့် အဆောင်ပိုင်ရှင် များ စီးပွားရေးကျဆင်းလာမည်ကို စိုးရိမ်လျက်ရှိသည်။