မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်သူများ ရိတ်သိမ်း ပြီးစ စပါးများနှင့် ကြက်သွန်ခင်းများပျက်စီးခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်း ပေါက်တောင် ပိုင်း ပလဖ ဇုန် (၂) ဒေါင်းမင်းစခန်း ထံကသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ရက် နှင့် ၁၈ရက်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ချောင်းများရေ လျှံကာ ချောင်းပတ်ဝန်းကျင်ရှိ ကြက်သွန်ခင်းများနှင့် ရိတ်သိမ်းပြီးစ စပါးများပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဒေသခံတစ်ဦးကပြောသည်။
“အဲ့ဒီနှစ်ရက်က မိုးကစွေပြီးရွာတာ၊ နေကိုမပွင့်ဘူး။ မိုးရွာတော့ ယောချောင်းနဲ့ ကင်းချောင်းတစ်ဝိုက်က ကြက်သွန်ခင်းတွေပျက်စီးသွားတယ်။ အခြောက်လှမ်းထားတဲ့စပါးတွေလည်းပျက်တယ်”ဟု ၎င်းကဆို သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်ဧက ၁၀၀ ကျော် ပျက်စီးခဲ့ပြီး တောင်သူများ စပါးအထွက်နည်း ကာ ကြက်သွန်ခင်းများလည်းရေအိုင်၍ပျက်စီးကြောင်း ပေါက်တောင်ပိုင်း ပလဖ ဇုန် (၂) အဖွဲ့ခေါင်း ဆောင် ကိုဒေါင်းမင်းကပြောသည်။
“ စပါးတွေ ရေနစ်တဲ့အတွက် အညှောင့်ပေါက်ပြီး ဆန်ကြိတ်ရင် ဆန်ကကြေတယ်၊ သိပ်မကောင်းဘူး၊ ဆန်ထွက်နည်းတယ်။ တစ်ချို့ဆိုစားဖို့တောင် အဆင်မပြေတော့ဘူး။ အခုကာလက ကြက်သွန်ပျိုးချိန်ဆို တော့ ချောင်းနား၊ ကမ်းနား ပျိုးကြတဲ့ပျိုးခင်းတွေရေပါတာ၊ လယ်ထဲပျိုးတာတွေ ရေအိုင်တာကြောင့် မဖြစ်ထွန်းတော့တာရှိတယ်” ဟု ၎င်းကပြောသည်။
ပေါက်တောင်ပိုင်း ပလဖ ဇုန်(၂) ဒေါင်းမင်းစခန်းက ပလဖ အဖွဲ့ဝင်များက တောင်သူများနှင့်အတူ စပါး ခင်းများသို့ သွားရောက်ကူညီပေးခဲ့ပြီး တောင်သူများအနေဖြင့် လုပ်အားနှင့် မျိုးစေ့ဖိုး ဆုံးရှုံးမှုများရှိခဲ့ ကြောင်း သိရသည်။






