ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းမဲ့ဖမ်းဆီး ငွေညှစ်မှုများ ရက်ဆက်ပြုလုပ်နေကြောင်း သိရသည်။
နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ရန်ကုန်မြို့၊ မြို့နယ် ၆ခုထက်မနည်းတွင် လူငယ်များကို အကြောင်းမဲ့ဖမ်းဆီးကာ ရဲစခန်းများသို့ ခေါ်ဆောင်သွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အခုက လှိုင်၊ကမာရွတ်၊ကြည့်မြင်တိုင်၊မရမ်းကုန်း၊မြောက်ဒဂုံနဲ့ အလုံစတဲ့ မြို့နယ် ၆ခုက လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေကို ခေါ်ပြီး ဘယ်သွားမှာလဲ၊ဘာလာလုပ်တာလဲ မေးတယ်။သူတို့မသင်္ကာရင် ကားပေါ်တင်ပြီး ဖုန်းစစ်တယ်။အခုရန်ကုန်မှာ PDFတွေရောက်နေလို့ ရှာဖွေစုံစမ်းခိုင်းထားတဲ့ ညွှန်ကြားချက်ကြောင့်လည်း ပါတာပေါ့။အခုသတင်းထွက်နေသလို ပေါ်တာဆွဲတာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ယနေ့(နိုဝင်ဘာ၂၀ရက်) နံနက် ၁၀နာရီခန့်ကလည်း လှိုင်မြို့နယ်၊ပါရမီလမ်းမပေါ်တွင် သွားလာနေသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး နာရီပိုင်းအကြာ၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ မနက်က ဖမ်းခံရတဲ့ ကလေးနှစ်ယောက်က စစ်ကားနဲ့ သွားတိုးတော့ ကြောက်တဲ့ ပုံစံဖြစ်သွားလို့ ကားပေါ်ကို တင်သွားတာ။သူတို့ဖုန်းကို စစ်တယ်။ပြီးတော့ ဘယ်သွားမလို့လဲ မေးတာ။ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ဘာတာ မှတ်တိုင်အကျော်လေးမှာ ပြန်ချခဲ့တယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ည ၉နာရီကျော် ကလည်း အလုံမြို့နယ်၊ ကွင်းကျောင်းလမ်း နှင့် သိပ္ပံလမ်းထိပ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ဦးကို ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းရှိ၊မရှိကိုမူ MPAက အတည်မပြုနိုင်သေးပေ။
ယခုလို ရန်ကုန်မြို့ပေါ်ရှိ လူငယ်များကို ဖမ်းဆီးနေခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင်းရဲစခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ပေါ်တာဆွဲခြင်းမဟုတ်ဘဲ စစ်သားများက အပိုဝင်ငွေ ရလိုမှုကြောင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း MPAသို့ ပြောသည်။
“ အခု သူတို့အဘတွေက PDFတွေ ဝင်လာတဲ့သတင်းရလို့ဆိုပြီး လုံခြုံရေးတင်းကျပ်ခိုင်းတယ်။အဲ့ကနေစပြီး သူတို့မသင်္ကာတဲ့ လူငယ်တွေနဲ့ အုပ်စုလိုက်သွားလာတဲ့ သပ်သပ်ရပ်ရပ်လူငယ်တွေကို တွေ့တာနဲ့ ဖုန်းစစ်တယ်။အဲ့မှာ NUGဘာညာနဲ့ PDFပို့စ်တွေတွေ့ရင် ငွေညှစ်တော့တာပဲ။နောက်ပိုင်းကျ ပိုက်ဆံရမှန်းသိတော့ လူငယ်တွေကို သူတို့အဓိက စစ်တယ်။ပိုက်ဆံပိုလိုချင်ရင် ရဲစခန်းကို ခေါ်ပြီးခြောက်တယ်။တစ်ယောက်ကို အနည်းဆုံး ၁သိန်းကနေ သိန်း ၂၀ကြားရတယ်။သူတို့ကို ရှေ့တန်းမပို့ခင် ရိက္ခာယူတဲ့ သဘောပေါ့။ပေါ်တာဆွဲတယ်ဆိုတဲ့ ပုံစံမျိုးတော့ မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် လှိုင်မြို့နယ် ဘာတာမှတ်တိုင်၊စံရိပ်ငြိမ်မှတ်တိုင်အပါအဝင် မှတ်တိုင်အချို့ နှင့် ကမာရွတ်မြို့နယ်ရှိ Junction Square အနီးတွင် မကြာခဏဆိုသလို ရှောင်တခင်ဖုန်းစစ်ဆေးခြင်းနှင့် စခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။