စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို နိုဝင်ဘာ ၁၉ ရက်၊ မွန်းလွဲပိုင်းတွင် စစ် ကောင်စီလေတပ်က အကြောင်းမဲ့လာရောက်ပစ်ခတ်သွားသဖြင့် ဒေသခံတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့လှည့်ပတ်ပစ်သွားတာ။ ထောမရွာက ပြည်သူတစ်ဦးတော့ကျည်ထိပြီး သေ သွားတယ်”ဟု မြင်သာကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကဆိုသည်။
ဖောင်ပြင်မြို့နယ်၊ ပိုးစားကုန်းကျေးရွာ၊ မင်းယားကျေးရွာ၊ သရောင်းထောမကျေးရွာနှင့် မြင်သာကျေးရွာ များအနီးသို့ စစ်ကောင်စီတပ်က Mi 35 အမျိုးအစား စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရ လို့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုသေချာမသိရသေးဘူး”ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင် ရွက်ပေးနေသူတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်၏ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၄ ရွာက လူနေအိမ်များထိ ခိုက်ပျက်စီးမှုများရှိသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ဟုမ္မလင်းမြို့နယ် ရွှေမှော်ဒေသဟုလူသိများသည့် နောင်ပိုအောင်ကျေးရွာ အနီးရှိ စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များအထိုင်ချတပ်စွဲထားသည့် စခန်းကို တော်လှန်ရေး အင်အားစုများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူပေးခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီစခန်းကုန်းနှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – HPDF အဖွဲ့ကထုတ်ပြန်ထားသည်။