ရန်ကုန်မြို့ပေါ်ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီတပ်က တပ်စွဲနေကြောင်းသိရသည်။
နိုဝင်ဘာ ၁၆ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ အထက ကျောင်းများနှင့် အလက ကျောင်းများတွင် စစ်တပ်က ဝင်ရောက် တပ်စွဲထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ တာမွေ၊ တိုက်ကြီး၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်နဲ့ သင်္ဃန်းကျွန်းက ကျောင်းအချို့မှာ တပ်စွဲဖို့ နေရာလာကြည့်တာမျိုးရှိတယ်။နေရာယူတပ်စွဲထားတာတွေလည်းရှိတယ်။အခုလက်ရှိအထိလည်း ရန်ကုန်ကကျောင်းတွေကို တပ်စွဲဖို့လိုက်ကြည့်နေတာရှိတယ်” ဟု ၎င်းက ပြောသည်။
ယနေ့(နိုဝင်ဘာ၂၀ရက်)နံနက် ၉နာရီခန့်က စစ်ကောင်စီတပ်၊ တပ်စွဲရန်အတွက် လှိုင်မြို့နယ်၊အလက- ၇ ကျောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊အထက- ၃ ကျောင်းရှိ ကျောင်းသား/သူများကို ကျောင်းလွှတ်ချိန်ထက်စောကာ မိဘများအား လာရောက်ခေါ်ယူခိုင်းခဲ့ကြောင်း အလက ၇ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။
“ ကလေးတွေကို လာခေါ်ပါဆိုလို့ သွားခေါ်ရတာ။ဆရာမတွေပြောတာတော့ ဘာမှမဖြစ်ဘူး၊ ဒီနေ့စောလွှတ်တာလို့ပြောတယ်။ကျောင်းထဲမှာ စစ်သား ၁၀ယောက်လောက်နဲ့ ရဲ ၂ ယောက်ရှိတယ်။အကုန်လုံးယူနီဖောင်းတွေရော၊သေနတ်တွေရောပါတယ်။ကျောင်းမှာ တပ်စွဲဖို့လို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက် ၁၁နာရီခွဲခန့်ကလည်း လှိုင်မြို့နယ်ရှိ အလက- ၇ကျောင်း တွင် တပ်စွဲရန် စစ်ကား ၂စီးဖြင့် ရောက်လာကာ အရံအတားများ ချနေကြောင်း အလက- ၇ ကျောင်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“ အစက သူတို့က ပါရမီလမ်းပေါ်က အလက- ၆ကို တပ်စွဲမယ်ဆိုပြီး အရင်သွားတာ။အဲ့ကျောင်းကိုကျ လူသွားလမ်း နှစ်ဘက်ညှပ်နေတာရယ် တိုက်အမြင့်တွေဘေးမှာရှိနေလို့ တပ်မစွဲတာတဲ့။အဲ့ကနေ ဘာတာမှတ်တိုင်နားက အလက- ၇ကိုရောက်လာတာ။ဘာတာမှတ်တိုင်က ရဲစခန်းနဲ့လည်း နီးတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ ရန်ကုန်ကျောင်းအချို့၌ စစ်သားများ တပ်စွဲရခြင်းအကြောင်းရင်းကိုမူ မသိရသေးပေ။