ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို နိုဝင်ဘာ ၁၉ ရက်၊ ညသန်းခေါင်ယံအချိန် တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ်ကလေး ၁ ဦးအပါအ ဝင် ၂ ဦးသေဆုံးကာ လူ ၈ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများကဆိုသည်။
မြို့သစ်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၂၈ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း မြို့သစ်ကျေးရွာတွင်နေထိုင် သည့် ရွာခံတစ်ဦးက MPA ကိုပြောသည်။
“တိုက်ပွဲလည်းမဖြစ်ဘူး။ ကျွန်တော့်အမြင်ပြောရရင်မြို့သစ်မှာရှိတဲ့ ဆေးရုံကိုသူတို့က ပစ်မှတ်ထားပြီး တော့ပစ်နေတာ။ အဲ့ဒီမှာ ဆေးရုံကိုမထိဘဲ ရွာထဲကျလာတာ။ အိပ်နေတဲ့အချိန်ဆိုတော့ အကုန်လန့်ပြီး ပြေးကြတာ။ မီးလောင်နေတဲ့အချိန်တောင် ဘယ်သူမှသွားမငြှိမ်းရဲဘူး” ဟု ၎င်းကဆိုသည်။
လူနေအိမ်ခြေ ၅၀၀ ခန့်ရှိသည့် မြို့သစ်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် နှစ်လုံး မီးလောင်ပြာကျသွားခဲ့ပြီး အခြားနေအိမ် ၂၀ ကျော်မှာလည်း ဗုံးဒဏ်ကြောင့်ထိခိုက်ပျက်စီးသွား ခဲ့သည်။
“ဒါက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ပြည်သူတွေကို ထိခိုက်အောင်တော့ မလုပ်သင့်ဘူး။ သူတို့ပစ်မှတ်ကို မထိဘဲ လူထုတွေထိတာက အရမ်းနစ်နာတယ်။ နှစ်ပေါင်းဆယ်ချီ ချွေးနည်းစာနဲ့ ဆောက်ထားတဲ့အိမ် တွေပျက်စီးကုန်တယ်။ ပြီးတော့တိုက်ပွဲမဖြစ်ဘဲ တမင်တကာလုပ်တာလေ” မြို့သစ်ကျေးရွာအနီးရှိ ဒေသ ခံအမျိုးသားတစ်ဦးက ပြောပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ရာတွင် အခြားနေရာစုံ၌ တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ယခုစစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြို့သစ်ကျေးရွာတွင် တိုက် ပွဲဖြစ်ပွားခြင်းမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့ကြောင်း ရွာခံအမျိုးသမီးတစ်ဦးကအတည်ပြုပြောသည်။



