စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၄ရက်ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
နိုဝင်ဘာ ၁၆ရက်နေ့မှ ၁၉ရက်နေ့အထိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ညောင်တိုကျေးရွာ၊ ဆီးမီးခုံကျေးရွာနှင့် ပျဉ်ချောင်းကျေးရွာတို့ တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က မြောင်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ရွာမှ ဒေသခံ ၅၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM ခေါင်းဆောင် ရဲဘော်နွေဦးက ပြောသည်။
” ဧရာဝတီမြစ်ကခြားထားတာ။ မြစ်အရှေ့ဘက်ကမ်းဆို မြင်းခြံပေါ့။ ဆီမီးခုံ ရေနက်ဆိပ်ကမ်းကစပြီး မြစ်ကမ်းတစ်လျှောက် စစ်တပ်က အထိုင်ချထားတာ။ မြစ်အနောက်ဘက်ကမ်းဆို ကျနော်တို့မြောင်ပေါ့။ အဲ့ကနေ ဒီဘက်ကို တောက်လျှောက်ပစ်တာ။ ၂ရွာကျော်တွေဘာတွေထိကျတာ။ အိမ်တွေမှန်တာတွေ။ ပြည်သူတွေထိတာတွေရှိတယ်။ တိရစ္ဆာန်တွေ သေတာလည်းမနည်းဘူး” ဟု ၎င်းကပြောသည်။
ယနေ့ (အောက်တိုဘာ ၂၀ရက်နေ့)တွင်မူ နေ့ခင်း ၁၁နာရီခွဲခန့်အထိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိသေးကြောင်း ရဲဘော်နွေဦးကပြောသည်။
ယင်းသို့ပစ်ခတ်မှုများမှာ ယခင်ကတည်းကရှိခဲ့သော်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရပြီးနောက် ပစ်ခတ်မှုပိုမိုများပြားလာကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ရက်နေ့မှ စ၍ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၄ညအိပ် ၅ရက်ရှိပြီဖြစ်၍ စားရေးသောက်ရေးနှင့် ဆေးကုသရန်အခက်အခဲရှိနေကြောင်း နေအိမ်ပျက်စီးမှုနှင့် ထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း မြောင်လူငယ်ကွန်ရက်အဖွဲ့ဝင် မအမရာက ပြောသည်။
” အခြေနေကတော့ မိုးလေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ တချို့သူတွေက ရုတ်တရက် ထွက်ပြေးလာကြရတော့ တစ်နပ်စာ ထမင်းတစ်ထုပ်ပဲ အလျင်စလို ထုပ်ပိုးပြီး ပြေးလာကြရတာ။ စားဖို့ ၊ ဆေးကုသဖို့ အံတုနေကြရတယ် ဆိုရမယ်။အ ခုချိန်ထိ ရွာပြန်ကပ်မရသေးဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။
စစ်ရှောင်များကို ဆန်၊ ဆီ၊ ပဲ၊ ငရုတ်သီးမှုန့်နှင့် ငါးခြောက်တို့ ထောက်ပံ့လှူဒါန်းပေးထားပြီး မိုးလည်းရွာနေသဖြင့် ဖျားနာမည်ကို စိုးရိမ်ကြောင်း မအမရာကပြောသည်။
” မိုးကရွာ၊ အဝတ်အထည်တွေက မိုးရေစို၊ အဝတ်အစားလှမ်းစရာနေရာမရှိ၊ အဝတ်တွေကမခြောက်၊ စိုးရိမ်ချက်က ဖျားနာကြမှာကိုပဲ” ဟု ၎င်းကပြောသည်။
ယင်းသို့ပစ်ခတ်မှုကို ပြန်လည်တုံ့ပြန်သောအားဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှနေ၍ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ရဲဘော်နွေဦးကပြောသည်။
နိုဝင်ဘာ ၁၆ရက်နေ့က မြင်းခြံမြို့နယ်၊ ကိုင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။