စစ်ကိုင်းတိုင်း၊ ဒီပဲယင်း – ရေဦးကားလမ်းပေါ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြည်သူတစ်သောင်းကျော်သည် မိုးထဲ၊ ရေထဲ၌ ရက်ရှည်စစ်ရှောင်နေရသဖြင့် ဖျားနာမှုများဖြစ်ပေါ်နေကြောင်း စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ရက်နေ့မှစ၍ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သားများသည် မုတ်စီနှင့် မူးဆုံရွာတို့တွင် ဘန်ကာများ ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်ဖြန့်ကာ တပ်စွဲထားခြင်းကြောင့် ပြည်သူများထွက်ပြေး တိမ်း ရှောင်နေရကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က MPA သို့ပြောသည်။
“ ဒီနေ့အထိ စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်နေကြရတာ စစ်သားတွေအထိုင်ချတပ်စွဲတဲ့နေ့ ၁၀ရက်နေ့ကစလို့ ဒီနေ့အထိဆို ၁၀ရက်ရှိသွားပြီး တိမ်းရှောင်နေကြတုန်းပဲ၊ ကျေးရွာတွေကို စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတာ မဟုတ်ဘဲနဲ့ ရေဦး- ဒီပဲယင်းကားလမ်းကို အထိုင်ချတပ်စွဲထားတဲ့စစ်သားတွေက ညပိုင်းလက်နက်ကြီးတွေ နဲ့ပစ်ခတ်မှာစိုးတဲ့အတွက် တိမ်းရှောင်နေကြရတယ်” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ရက်ရှည်စစ်ရှောင်နေကြရသဖြင့် စားနပ်ရိက္ခာ ၊ ဆန် ၊ ဆီ ၊ ဆား ၊ကုန်စိမ်း၊ ဆေးဝါးများ အရေးပေါ်လိုအပ် နေသည့်အပြင် သုံးရက်ခန့် မိုးဆက်တိုက်ရွာနေသဖြင့် ပြည်သူများ မိုးထဲရေထဲ၌ နေထိုင်ရသောကြောင့် ဖျားနာခြင်း များဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ လိုအပ်တာကတော့အစုံပဲ၊ တိမ်းရှောင်လာရတဲ့ကျေးရွာတွေကို ကူညီပေးထားတဲ့ရွာတွေကလည်း မီးရှို့ခံထားရတဲ့ ရွာတွေပဲဆိုတော့ဗျာ၊ ရက်ရှည်ကြ သူတို့လဲအဆင်မပြေဘူး။ နောက်ပြီး မိုးရွာတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီဗျ၊ မိုးရေထဲ ရှောင်ရ တိမ်းရတော့ ဖျားနာတာတွေများတယ်။ ဒီလိုပဲ နီးစပ်ရာလေးတွေမှာ ဆေးဝါးကုသနေရတယ်” ဟု ၎င်းက ပြောသည် ။
ဒီပဲယင်း – ရေဦးကားလမ်းဝဲယာ၌ စစ်ကောင်စီတပ်က ရက်ရှည်တပ်စွဲထားခြင်းသည် ဒီပဲယင်းမြို့ပေါ်ရှိ Non CDM ဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ ၊ ပျူစောထီးမိသားစုများကို ရေဦးမြို့ကိုပြောင်းရွေ့ပေးရန်ဖြစ်ကြောင်း ၊ ဒီပဲယင်း သို့မဟုတ် ရေဦး မြို့ပေါ်သို့ ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပါက မြန်ဆန်စွာ စစ်ကူပေးနိုင်ရန်အတွက် တပ်စွဲထားခြင်းဖြစ်ကြောင်း PSF မှ ဆရာကျောင်းကပြောသည် ။
“ ပြည်သူတွေက သူတို့ရဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေကို ထားခဲ့ရတာလေ၊ ရက်ရှည်ဆိုတော့လည်း တစ်အိမ်ကို ယောင်္ကျား သားတစ်ယောက်စီ ရွာထဲပြန်ဝင်ပြီး အစာကြွေးဘာညာလုပ်ကြဆိုပြီး လုပ်ပေးထားရတယ်။ ကျတော် တို့အဖွဲ့တွေ လည်း ဝင်ရောက်ကူညီပေးနေတယ်။ မိုးရေထဲ ရဲဘော်တွေ ကင်းစောင့်ရတော့ တစ်ချို့ဆို ဖြူဖျော့ပြီး လေမဖြတ်တာ ကံကောင်း၊ တစ်ယောက်ဆို မူးပါလဲတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင်လည်း ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ၁၂၀ မမလက်နက်ကြီးများဖြင့် ရေဦး-ဒီပဲယင်းအစပ်ရှိ ကျေးရွာများသို့ ညစဉ် ပစ်ခတ်လျက်ရှိပြီး၊ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၄ရက်က ဝက်ဖိုးရွာရှိ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။






