ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ကုန်းကျေးရွာအနောက်ဘက်၊ အင်းတိုင်းတောနှင့် ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအနီးတွင် တပ်ဖျောက်ထားသည့် စစ်ကောင်စီတပ်ကို တော် လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းသည် ပိတောက်ကုန်းကျေးရွာအနီးတွင် ၄ ရက်ကြာတပ်ဖျောက်ထားခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၆ ရက်မှစ၍ နှစ် ရက်ဆက်တိုက်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၆ ရက်နေ့က သူတို့တပ်ဖျောက်ထားတဲ့နေရာကိုသွားပစ်တာ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ ၁၇ ရက် နေ့က စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာ။ တိုက်ပွဲပြီးတော့ ရွာထဲကနေ သူတို့(စစ်ကောင်စီတပ်သား) အလောင်းတွေကို သုံးဘီးဆိုင်ကယ်နဲ့ ၃ ခေါက်၊ စက်လှေနဲ့ ၉ ခေါက်သွယ်သွားတာ” ဟု တောင်ငူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေဆုံးသွားသည့်၎င်းတို့တပ်ဖွဲ့ဝင်အလောင်း၊ တစ်လောင်းလျှင်ကျပ် ၃ သောင်းခန့်ပေး၍ ရွာသူရွာသားများအားသယ်ခိုင်းခဲ့ပြီး ရွာသားအချို့ကိုလည်း လူသားဒိုင်းအဖြစ်ခေါ် ဆောင်သွားကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၃ ဦးကျဆုံး ကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီတပ်)လူသားဒိုင်းလုပ်ပြီးဖမ်းသွားတဲ့ရွာသားတွေကို ဒီနေ့အထိတော့ပြန်မလွှတ်သေး ဘူး။ ကျွန်တော်တို့လဲ ရွာသားတစ်ချို့အဖမ်းခံရတယ်ဆိုတာပဲသိတာ။ ဘယ်နှစ်ယောက်လဲဆိုတာစုံစမ်း နေတုန်း”ဟု တောင်ငူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
ထို့အတူ နိုဝင်ဘာ ၁၈ ရက်ကလည်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၉ တပ်ရင်း တိုက်ခိုက်ခံရပြီး အဆိုပါတပ်ရင်းအနီးတွင်ရှိသည့် ကျေးရွာများက ဒေသခံတစ်ထောင်ကျော် ဘေးလွတ် ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကဆိုသည်။
“အခုစစ်တပ်က လေကြောင်းနဲ့ပစ်နေတာ ၁၀ ရွာလောက်ရှိမယ်။ ရွာသူ၊ ရွာသားတွေကတော့ အကုန် ပြေးနေတာ။ နီးစပ်ရာပြေးတဲ့သူကပြေးပေါ့။ အစ်မတို့ကတော့ မြို့ပေါ်(တောင်ငူ)ပြေးတယ်။ စစ်တောင်း မြစ်ကူးတံတားမှာတော့တော်တော်လေးအစစ်အဆေးများတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရက်များက ဆက်တိုက်ဆိုသလိုတိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိသေးကြောင်း သိရသည်။