လျှပ်စစ်မီးများရက်ဆက်ပြတ်တောက်နေသည့် လောက်ကိုင်မြို့တွင် ဓါတ်ဆီတစ်ဂါလံ တရုတ်ငွေ ယွမ် ၇၀၀(မြန်မာကျပ်ငွေ ၃၇၉၀၀၀)ခန့်ပေးဝယ်နေရပြီး လာမည့်ရက်အနည်းငယ်အတွင်း လောင်စာဆီပြတ် တောက်သွားနိုင်ကြောင်း လောက်ကိုင်မြို့တွင်နေထိုင်သူများကဆိုသည်။
လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မြို့နေလူထုမှာ မီးစက်များကိုအသုံးပြုနေရပြီး လက်ရှိလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသဖြင့် လာမည့် ရက်အ နည်းငယ်တွင် လောင်စာဆီရရှိမှုခက်ခဲလာနိုင်ကြောင်း လောက်ကိုင်မြို့တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး ကဆိုသည်။
“မီးပြတ်တာ ၄ ရက်လောက်ရှိပြီ၊ မီးပြတ်တော့ တိုက်တွေဘက်မှာ ရေလည်းပြတ်တယ်၊ တရုတ်ဝိုင်ဖိုင် ကလည်း မီးမရှိတော့မရဘူး။ အခုမီးစက်မောင်းလို့ရနေပေမယ့် နောက်ရက်ဆိုမမောင်းနိုင်တော့ဘူး။ ဓါတ်ဆီကဝယ်လိုမရတော့ဘူး” ဟု ၎င်းကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ‘၁၀၂၇ စစ်ဆင်ရေး’ ဖော်ဆောင်ခဲ့ပြီးနောက် လောက်ကိုင်မြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဆမတန်မြင့်တက်ခဲ့သည့်အပြင် ဒေသခံအ ချို့မှာလည်း မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် နိုဝင်ဘာ ၁၇ ရက်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် စစ်ဘေး ရှောင်ပြည်သူများမှာလည်း မိုးရေထဲတွင်သာနေထိုင်ကြရသဖြင့် မြို့တွင်းမှအကူအညီများသွားရောက် နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“ တရုတ်တွေက ပြန်ကြတော့ ကျန်ခဲ့တဲ့စောင်တွေ၊ မွှေ့ယာနဲ့အခင်းတွေသွားပေးကြမယ်တော့ပြောနေ ကြတယ်၊ ဘယ်နေ့သွားမလဲတော့မသိသေးဘူး။ ဒီရက်ပိုင်းထဲတိုက်ပွဲတော့မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လောက်ကိုင်မြို့ရှိ အရပ်သားများနှင့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် တိမ်းရှောင်နေကြရန်နှင့် လောက်ကိုင်မြို့အနီးတစ်ဝိုက်သည် စစ်မြေပြင်ဖြစ်နေခြင်းကြောင့် မိမိသဘော ဖြင့်နေရာရွှေ့ပြောင်းခြင်းများမပြုလုပ်ကြရန် ကိုးကန့်တပ် MNDAA က ယမန်နေ့ညနေပိုင်းက ထုတ်ပြန် ထားသည်။