မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီအခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၁ဦးသေဆုံးကာ၊ သေနတ် ၃လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်၊ မနက် ၆နာရီခန့်တွင် စဥ့်ကူးမြို့နယ် နှင့် မတ္တရာမြို့နယ်အစပ်၊ မတ္တရာမြို့နယ်၏ မြောက်အဖျားစွန်းတွင် တည်ရှိသော ပတ်လည်အင်းကျေးရွာ စစ်ကောင်စီဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
” မနက် ၆နာရီလောက်မှာ တိုက်ပွဲစဖြစ်ပါတယ်။ ၁၁ဦးသေဆုံး၊ အထိခိုက် ၃ဦး ၊ သုံ့ပန်း(၁)ဦး ၊ လက်နက်(၃)လက် ရခဲ့ပါတယ်။ တိုက်ပွဲအတွင်းရဲဘော်တွေကအလောင်း ၄လောင်းလောက်တွေ့တယ်လို့ပြောပါတယ်။ ကျန်တာက တော့နယ်မြေခံတွေဆီက တစ်ဆင့်အတည်ပြုလိုက်တာပါ၊ ဖမ်းမိတဲ့ရဲကတော့အညံ့ခံလာတာပါ။ သူ့ကို သက်ဆိုင်ရာ လူကြီးတွေထံ အပ်ဖို့စီစဉ်ထားပါတယ်” ဟု မတ္တရာပကဖ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ပတ်လည်အင်းကျေးရွာတွင် စစ်ကောင်စီမှ ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် စခန်းအတွင်းထိ ဝင်ရောက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည် ။
” စခန်းအနားထိ ချဥ်းကပ်ပြီးလက်နက်ငယ်နဲ့စပစ်ပါတယ်။ တိုက်ပွဲကြာချိန်က မိနစ်(၅၀) လောက် ရှိမယ် ။ ကျတော်တို့ စခန်းအတွင်းထဲအထိဝင်တဲ့အချိန်မှာ တခြားစစ်သားတွေ ၊ ရဲတွေက ထွက်ပြေးပေမယ့် ရဲတစ်ယောက်ကတော့ အညံ့ခံ ခဲ့တာ၊ အဲဒီရဲက ဂိတ်စောင့်နေတဲ့ကောင်ဖြစ်ဖို့များမယ်။ ကားလမ်းပေါ်ကနေလက်မြှောက်ဆင်းလာပြီးအညံ့ခံတာ” ဟု ၎င်းကပြောသည် ။
၎င်းတိုက်ပွဲဖြစ်နေရာ ပတ်လည်အင်းရွာသို့ အင်ကြင်းမြိုင်ရွာအနီးရှိ လေကြောင်းရန် ကာကွယ်ရေးတပ် လကတ -၁၀၁၄ မှ စစ်ကူပေးရန်လာသော စစ်သားများသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ လက်ဖက်ရည် ဆိုင်ထိုင် နေသူများအပါအဝင် ပြည်သူ၁၃ဦးကို အကြောင်းမဲ့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည် ။
“ ပတ်လည်အင်းရွာက စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းလိုက်တော့ သူတို့က စစ်ကူတက်လာရင်းက နေ ပစ်သတ်သွားဝာာဗျ၊ နောက်ပြီး ပတ်လည်အင်းရွာကို ရောက်တော့ ရွာဒေါင့်လေးဒေါင့်ကနေ စပြီး အိမ်တွေကို မီးရှို့တယ်။ ဘယ်နှစ်လုံးပါသွားလဲတော့ သေချာမသိဘူး ။ ကျနော်တို့လည်း ထွက်ပြေးလာရတာနဲ့ မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိ မတ္တမြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းများသည် အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထိတ်လန့်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။