KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
“ ကော့ကရိတ်မြို့နယ်ဘက်က အစီအစဥ်ရှိလို့ထုတ်ပြန်တာဖြစ်မယ်။ အရင်ကထုတ်ပြန်ထားတာတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တာက ရသလောက်တော့ လုပ်ကြပါတယ်” ဟု KNU မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့နှင့် ဝေါ်လေမြိုင်မြို့တို့ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး အောက်တွင်ရှိနေသော ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ထွက်ခွာပေးရန် အကြိမ်ကြိမ်သတိပေးအပ်ပြီးဖြစ်သည်ဟု KNU ဆိုထားသည်။
“ မြို့ထဲမှာ စစ်ကောင်စီဝန်ထမ်းတွေ မရှိတော့တာတော့ မဟုတ်ဘူး။ ရှိတဲ့သူတွေက ရှိသေးတယ်။ ဂိတ်မှာရှိတဲ့ သူတွေ ရှိသေးတယ်။ ရုံးမှာဆိုလည်း ရုံးမှာ မဖွင့်ဘဲနဲ့ အိမ်တွေမှာ သူတို့အလုပ်တွေကို လုပ်နေသေးတာပေါ့။ နောက်ပြီး စစ်ကောင်စီကို အလုပ်လုပ်ပေးနေတာ မြို့ထဲ က လူတွေကြီးပဲလေ။ တခြားမြို့က လူတွေ မဟုတ်ကြဘူး” ဟု ကော့က ရိတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် အမိန့်ထုတ်ပြန်သည့် ရက်မှစ၍ ၇ ရက်အတွင်း မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် နောက်ဆုံးအကြိမ် သတိပေးအပ်ခြင်းဖြစ်ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ KBZ bank တွေကတော့ ပိတ်လိုက်ပြီ၊ မြို့ထဲမှာ ဧရာဝတီဘဏ်တစ်ခုဘဲကျန်တယ်။ KBZ ဝန်ထမ်းတွေကိုတော့ မြဝတီနဲ့ ဘားအံမြို့တွေကို ပြောင်းလိုက်တယ်လို့ ကြားတယ်။” ဟု ဒေသခံတစ်ဦးက ဆက်လက်ရှင်းပြသည်။
ထို့ကြောင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU မှ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။
“ ဒီနေ့တိုက်ပွဲဟာ အဖြူ၊ အမဲ သဲသဲကွဲကွဲ ဖြစ်ပေါ်လာနေပါပြီ။ ဒီစစ်အုပ်စုရဲ့ လက်အောက်မှာတာဝန် ထမ်းဆောင် နေတဲ့ လူတွေဟာ အနှေးနဲ့အမြန် ကျတော်တို့ရဲ့ လက်ချက်နဲ့ပဲ ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ကျတော်တို့ဟာ တိုင်းပြည်မှာရှိနေတဲ့ လူသားအချင်းချင်း ကျတော်တို့ညီကိုအချင်းချင်းတွေ ဒီလိုဖြစ် တယ်ဆိုတာ ကျတော်တို့မမြင်ချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျတော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျတော်တို့ တောင်းဆိုချင်ပါတယ်” ဟု ပြည်သူလူထုထံသို့ ပြောကြားသော သတင်းစကားတွင် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကလည်း ဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကော့ကရိတ်မြို့အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ကော့ကရိတ်မြို့ စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့သည်။