မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အတွင်း လက်နက်ကြီးကျည်များ တင်ဆောင်လာသော နာရေး ကားကို PDFများက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင်တပ်စွဲထားသည့်စစ်သားများထံ လက်နက်ကြီးကျည် ထောက်ပို့လာမည်ဟု သတင်းရထားသည့်အတွက် နိုဝင်ဘာ၁၃ ရက်၊မွန်းလွဲ ၁၂ နာရီ၂၅ မိနစ်ခန့်က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။
“ အတွင်းသတင်း ဖရဲသီးပေါ့။ ရတာနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ကျည်ထိုးထားပြီးသားတွေ သိမ်းဆည်းခဲ့တာပါ။ သူတို့ပြန်ပစ်ချိန် မရခဲ့ဘူး” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ တာဝန်ရှိ ရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာနောက်ဆုံးပတ်၌ လက်ပံကုန်းကျေးရွာသို့ ဝင်ရောက်တပ်စွဲခဲ့ရာ ယင်းရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတာတော့ ည၊နေ့ ရှိတယ်။သူတို့ပစ်ခတ်နေတော့ အနီးနား ပြည်သူတွေကြောက်ကြတာပေါ့။ ပြည်သူတွေထိခိုက်တာတော့မရှိသေးပါဘူး” ဟုဒေသခံတစ်ဦးကပြောသည်။
သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာရှိ အမှတ်-၁၃ တန်းမြှင့်လေ့ကျင့်ရေးကျောင်း(တကက-၁၃)မှလက်ပံကုန်းရွာအခြေစိုက် စစ်တပ်ထံသို့ လက်နက်ကြီးကျည် ပို့ဆောင်ခြင်းဖြစ်ပြီးPDF တို့၏ တိုက်ခိုက်မှုကြောင့် နာရေးကား မီးလောင်ပျက်စီးကာ ပျူစောထီး များကိုင်သည့် သေနတ် ၂ လက်နှင့် လက်နက်ကြီးကျည်တို့ သိမ်းဆည်းရမိခဲ့သည်။

