ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး၊ မဏိပူရမြစ်ပေါ်ရှိ ဗားရ်စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ် ပိုင်းက စစ်ကောင်စီတပ်သားများစွန့်ခွာသွားကြောင်း သိရသည်။
အိန္ဒိယ – မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နှင့် သီးဘွာလ်စစ်ကောင်စီစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုကဲ့သို့စခန်းစွန့်ခွာသွားကြခြင်းဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPA ကိုပြောသည်။
“ရိဒ်စခန်းအသိမ်းခံရတာရော၊ သီးဘွာလ်အသိမ်းခံရတာရောကြောင့်ပါ ပါမယ်။ အင်အားမလုံလောက် တော့တာကြောင့်မြို့ပေါ်ကို အင်အားဖြည့်တာ ဖြစ်မယ်”ဟု ၎င်းကပြောသည်။
ဗားရ်စခန်းသည် ဖလမ်းမြို့နှင့် ၅မိုင်ခန့်အကွာတွင်တည်ရှိပြီး ဗားရ်စခန်းကစစ်ကောင်စီတပ်သားများ သည် ဖလမ်းမြို့ပေါ်ရှိ ခလရ ၂၆၈ တပ်ရင်းနှင့် သွားရောက်ပူးပေါင်းသည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက MPA ကိုပြောသည်။
“မနေ့က ဗားရ်စခန်းက စစ်သား ၃၀ လောက် ခလရ ၂၆၈ တပ်ထဲ ဝင်တယ်လို့သိရတယ်။ မြို့ပေါ်တော့ လောလောဆယ် သိပ်မထူးပါဘူး။ စစ်သားတွေ ကင်းလှည့်တာမျိုးလောက်ပဲရှိတယ်” ဟု ၎င်းကပြော သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)အနေဖြင့် ဗားရ်စခန်းကို စီးနင်း တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးကာ စစ်သုံံ့ပန်းအဖြစ် ၁၄ ဦးဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများနှင့် စခန်းကိုပါသိမ်းပိုက်နိုင်ခဲ့သည်။
“စခန်းသိမ်းနိုင်ခဲ့ပေမယ့်၊ အဲဒီစခန်းတည်နေရာက ကျွန်တော်တို့တပ်စွဲလို့ မဖြစ်နိုင်တာကြောင့် စကစက အင်အား ၂၇ ယောက်လောက်နဲ့ တပ်ပြန်စွဲခဲ့တာ”ဟု ဆလိုင်းကျုံးငိုင်းက ဆက်ပြောသည်။
လက်ရှိဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ နယ်မြေကျဥ်းမြောင်းလာပြီဖြစ်ပြီး စစ်ကောင်စီတပ်တွင်း ရှိစစ်သားများအနေဖြင့် လက်နက်နှင့်အတူ ပြည်သူဘက်ပူးပေါင်းအလင်းဝင်ကြရန် CNDF က တိုက်တွန်း ထားသည်။
“ဆုကြေးလည်း ပေးမယ်။ လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူပေးပါမယ်။ စစ်အာဏာရှင်စ နစ်ကျရှူံးဖို့ နောက်ဆုံးကာလရောက်နေပါပြီ။ အသိဉာဏ်ပွင့်ပြီး အမြန်ဆုံးပူးပေါင်းကြဖို့ ဖိတ်ခေါ်ပါ တယ်” ဟု ဆလိုင်းကျုံးငိုင်းကပြောသည်။
ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ CDF(Hualngoram)နှင့် CDF(KKG)တို့က သြဂုတ်လ ၁၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၍ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သေးကြောင်းလည်း စုံစမ်းသိရှိရသည်။