ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ရန်ကုန် မှ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များသို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များ ရပ် နားထားကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းကသိရသည်။
“ကားတွေက မထွက်ဘူး။ ရပ်ထားတယ်။ လမ်းဖွင့်တဲ့အခါကျမှ ပြန်ထွက်ပါမယ်။ လမ်းတွေ ဘာတွေဖွင့်ပြီလို့ သတင်းရတာနဲ့ ဒိပြင်လိုင်းတွေဖွင့်လို့ရှိရင်တော့ ဖွင့်ပါမယ်။ အခု နိုင်ငံရေးအခြေအနေကမကောင်းဘူးလေ။ လမ်းကြောင်းကောင်းသွားရင်တော့ ပြန်ဖွင့်မယ်” ဟု ရခိုင်ပြည်နယ်သို့ပြေးဆွဲနေသည့် အဆင့်မြင့်ခရီးသည်ပို့ ဆောင်ရေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်သို့ ဝင်ရောက်သည့် လမ်းကြောင်းများကို စစ်ကောင်စီကပိတ်ဆို့ထားသဖြင့် ခရီးသည်တင်ယာဉ် များသာမက ကုန်တင်ယာဉ်များလည်း လက်တလောရပ်ထားရကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးကဆိုသည်။
“အခုရက်ပိုင်း နားထားတယ်။ ကျွန်တော်တို့က ကုန်စုပြီးတော့မှ ကုန်ချည်းပဲသွားတဲ့ဂိတ်ပါ။ ကုန်တစ်စီးပြည့်မှ တစ်စီးလွှတ်တာပါ။ ကုန်ကလည်း စုတုန်းပဲ။ မပြည့်သေးဘူး။ စိတ်ချရမှ ထွက်မှာပါ” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်လိုက်ကြောင်း ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်တွင်းကုန်သွယ် ရေးများသာ ရပ်နားထားရသည်မဟုတ်ဘဲ ရခိုင် – ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးများလည်း ရပ်တန့်သွားကြောင်း ရခိုင်ပြည်နယ်သို့ကုန်စည်များပို့ဆောင်နေသည့် ကုန်သည်များကဆိုသည်။