စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်ရှိထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား နှင့် ရဲ ၇ ဦးသေဆုံးကြောင်း ကျားသစ်နက်တပ်မတော်-Black Leopard Army ထံက သိရသည်။
နိုဝင်ဘာ၁၅ရက်၊ နံနက် ၁၀ နာရီဝန်းကျင်မှစ၍ ပုလဲမြို့ပေါ်ရှိ စစ်သားများတပ်စွဲထားသည့် ထွေအုပ်ရုံးနှင့်မြို့မရဲစခန်းတို့ကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က စစ်ကြောင်း ၁၊၂၊၃ ဆိုပြီး စစ်ကြောင်း ၃ ကြောင်းခွဲပြီးတိုက်တာ။ရဲစခန်းရဲ့ဘေးမှာ ကျားတက်ကိုသွားတဲ့လမ်းရှိတယ်။လမ်းရဲ့မြောက်ဘက်က ဂတ်ကန် ဘက်ကနေ နေရာယူပြီး ပစ်တက် တက်တာ။စစ်ကြောင်း ၁ က ထွေအုပ်ရုံးရဲ့ အနောက်ဘက်စစ်မျက်နှာကို တာဝန်ယူပြီးတော့ စစ်ကြောင်း ၂ က ရဲစခန်းဘက်ကို ဝေ့ပြီးတော့ ပုလဲ-ဂန့်ဂေါလမ်းပေါ်ကနေပြီးတော့ ရဲစခန်းဘက်ကို တိုက်တာ။စစ်ကြောင်း ၃ က ထွေအုပ်ဘက်ကို တိုက်တယ်။မျက်မြင်ကိုယ်တွေ့က ရဲစခန်းကတက်လာတဲ့ ၅ ယောက်ကျတယ်။နောက် ရဲစခန်းနားက တံတားပေါ်က ၂ယောက်ပြုတ်ကျတယ်။ထွေအုပ်ရုံးကတော့ မသိရသေးဘူး။စုစုပေါင်း စစ်သားနဲ့ရဲ ၇ ဦးသေတယ်လို့ စုံစမ်းရတယ်။လက်နက်တော့မရဘူး။ကျားတက်က စစ်ကူလာတာနဲ့ မကောက်နိုင်လိုက်ဘူး။သူတို့ က ပစ်တက် တက်လာတာ” ဟု ကျားသစ်နက်တပ်မတော် Black Leopard Army တာဝန်ခံ ရဲဘော်ဥက္ကာ က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဆားလင်းကြီးမြို့နယ်၊ကျားတက်ရဲစခန်းမှ အင်အား ၆၀ ကျော်ဖြင့် စစ်ကူများရောက်ရှိလာကြောင်း၊လေယာဥ်များ ပျံဝဲနေသော်လည်း ပစ်ခတ်မှုမရှိကြောင်း၊မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။
“ပုလဲရဲစခန်းနဲ့ထွေအုပ်ရုံး ၂ ခုကြားထဲကနေ ကျနော်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။မြို့ရဲ့ အိမ်တွေကို အကာအကွယ်ယူတိုက်ခိုက်ခဲ့တာ။ခွေး(စစ်သား)တွေအနေနဲ့ တော်တော်ပြာယာခတ်နေကြပါတယ်။ကျားတက်ဘက်က စစ်ကူက ပစ်တက် တက်လာမှသာ ဒီကောင်တွေ ဖိပစ်နိုင်ခဲ့တာပါ။ကျနော်တို့ မြို့သိမ်းတိုက်ပွဲရဲ့ အဆုံးအဖြတ်က ကျည် ပါပဲဗျာ။ကျည်အင်အားမလုံလောက်တော့ ကျနော်တို့မှာ အခြေနေကောင်းနေပါလျက် ပြန်ဆုတ်လာခဲ့ရတာပါ” ဟု မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG မှ ရဲဘော် ပေါင်မုန့် ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ကျားသစ်နက်တပ်မတော် က ဦးဆောင်ပြီး ပခုက္ကူခရိုင်အမှတ်-၁၅ တပ်ရင်း(ကျားသစ်နက်)၊ပခုက္ကူခရိုင်အမှတ်-၁၄ တပ်ရင်း၊ပခုက္ကူခရိုင်အမှတ်-၁၇တပ်ရင်း၊တပ်ခွဲ-၂ (သံမဏိသိန်းငှက်)၊ယင်းမာပင်ခရိုင်တပ်မဟာစစ်ကြောင်း၊PCL(LDF)မြိုင်၊နဂါးနီအထူးတိုက်ခိုက်ရေးအဖွဲ့(မြိုင်)ယင်းမာပင်ခရိုင်တပ်ရင်း-၁၇၊ယင်းမာပင်ခရိုင်တပ်ရင်း-၂၉နှင့်မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG တို့မှပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတွင် စစ်သားများ အင်အားဖြည့်ထားကြောင်းလည်းသိရသည်။
စစ်သားနှင့်ရဲသေဆုံးမှုနှင့်ပတ်သတတ်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။