ရန်ကုန်မြို့၌ စစ်ကောင်စီက ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းလာမည်ကို လူငယ်များက စိုးရိမ်နေသဖြင့် အပြင်သွားလာရာ၌ သတိထားနေရကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက် ညပိုင်းတွင်လည်း လှိုင်မြို့နယ်၊ အုတ်ကျဉ်းမှတ်တိုင်းအနီး သွားလာနေသည့် အသက်နှစ် အရွယ် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ကားပေါ်ဆွဲတင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဆိုပါနေရာ အနီးအားတွင် နေထိုင်သူတစ်ဦးက ပြောသည်။
အထက်ပါလူငယ်အား စစ်ကောင်စီက ဖမ်းဆီးရာတွင် တရားခံဖမ်းသည့်ပုံစံမျိုးမဟုတ်ဘဲ ကားပေါ်သို့ဆွဲတင်သွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
” သူ့ဘာသာ လမ်းလျှောက်နေတဲ့ ကောင်လေးကို ခေါ်တင်သွားတာ။ ပုံစံက တရားခံဖမ်းတဲ့ပုံစံမဟုတ်ဘူး။ စကားပြော ဆိုပြီး ကားပေါ်တင်သွားတာ။ ဘယ်ကို ခေါ်သွားလဲတော့ မသိဘူး” ဟု ၄င်းက ပြောသည်။
အလားတူ နိုဝင်ဘာ ၆ ရက် ညပိုင်းတွင် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်တစ်ခု၌ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး၏ သားဖြစ်သူအပါအဝင် လူငယ်တစ်စုအား စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံလူငယ် တစ်ဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် လူငယ်များမှာ ရပ်ကွက်အပြင်ရှိ ရထားသံလမ်း အနီး၌ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်ပြီး ယနေ့ထိ အဆက်အသွယ်မရသေးသူ အများအပြား ရှိနေသေးသည်ဟု သိရသည်။
” ကျတော်တို့ နေတဲ့ နေရာမှာတော့ ပါသွားကြတာ အများကြီးဘဲ၊ အဆိုးဆုံးကတော့ ရာအိမ်မှူးသားလည်း အပြင် ရောက်နေတော့ ပါသွားတယ်။ နောက်ပြီး သတင်းဖုံးနေတာတွေလည်း ရှိတယ်။ ကျတော်တောင် အလုပ်သွားရင် လူပြတ်တဲ့နေရာကို မသွားရဲဘူး ” ဟု ဒေသခံ လူငယ်က ပြောသည်။
ယင်းသို့ ပေါ်တာဆွဲသည်ဟု ယူဆရသည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်နေသဖြင့် ရန်ကုန်မြို့နေ လူငယ်များ အနေဖြင့် ည ၈နာရီကျော်လျှင် တစ်ဦးထဲ အပြင်သို့ မထွက်ရဲသည့်အပြင် စိုးရိမ်စိတ်များ ကြီးမားလားကြောင်း လူငယ်များက ဆိုသည်။
” ကျတော်တို့နားမှာ တပ်တွေ အများကြီးဘဲ၊ ညမှောင်ရင် အပြင်မထွက်ရဲတော့ဘူး။ အလုပ်အပြန်ကို တတ်နိုင်သမျှ စောပြန်နေရတယ်။ ပါသွားရင် ဒုက္ခ” ဟု အင်းစိန်မြို့နယ်၌ နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ စစ်ကောင်စီတပ်က ပေါ်တာဆွဲရန် ညွှန်ကြားထားခြင်း မရှိဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောပြီး မသင်္ကာသူများအား ဖမ်းဆီး စစ်ဆေးခြင်း မျိုးသာ ရှိသည်ဟု ဆိုသည်။
” ပေါ်တာဆွဲဖို့တော့ မညွှန်ကြားထားဘူးဗျ။ ဒါပေမယ့် မသင်္ကာလို့ ခေါ်စစ်တာမျိုးတော့ ရှိမှာပေါ့။ ပေါ်တာဆွဲ တာကတော့ မဟုတ်နိုင်ပါဘူးဗျာ” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသော်လည်း နိုဝင်ဘာလအတွင်း ပေါ်တာဆွဲသည်ဟု ယူဆရသည့် ဖြစ်စဥ်များ ရန်ကုန်၌ ဆက်တိုက် ဖြစ်နေသည်ကို တွေ့ရသည်။
သီးခြားအတည် မပြုနိုင်သေးသော်လည်း မြို့နယ်အလိုက် သတင်းများအရ နိုဝင်ဘာ ၁၃ရက်တွင် ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက်၌ လူငယ် ၃ဦး ပေါ်တာဆွဲခံရသည်ဟု ယူဆနိုင်သည့် ဖမ်းဆီးခံရမှု ဖြစ်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၁၁ရက်ကလည်း ဒေါပုံမြို့နယ်၌ စစ်ကောင်စီ တပ်ဖွဲ့များက ဆိုက်ကယ်များ၊ ကားများဖြင့် အင်အားအများအပြား သုံးကာ ပေါ်တာဆွဲခြင်း ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။