ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ခမရ ၁၂၉ တပ်ရင်းတစ်ခုလုံး MNDAA ထံအလင်းဝင်ရောက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက MPA သို့ပြောသည်။
လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ ခမရ ၁၂၉မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းမှ တပ်သား ၁၂၅ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦးသည် နိုဝင်ဘာ ၁၂ရက်၊ ည ၈နာရီခွဲတွင် MNDAA ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အလင်းဝင်ရောက်ခဲ့သည့် ခမရ ၁၂၉ တပ်ရင်းသည် ကိုးကန့်အထူးဒေသ ၁၊ ရှီးရှမ်းဒေသ၊ မန်လော်ကျေးရွာအုပ်စု၊ ရန်ခွမ့်ကျေးရွာတွင် အခြေစိုက်ထားသည့် တပ်ရင်းတစ်ခုဖြစ်ပြီး၊ အလင်းဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်သား များထံမှ လက်နက်ခဲယမ်းများပါ ရရှိခဲ့ကြောင်း လီကျာဝင်းက အတည်ပြုပြောသည်။
“ လက်နက်ခဲယမ်းကိုတော့ အသေးစိတ် အတည်မပြုနိုင်သေးဘူးနော်” ဟု လီကျားဝင်းက ဆိုသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်တပ်သားတစ်ဦးလျှင် မြန်မာကျပ်ငွေ ဆယ်သိန်းနှင့် ၎င်းတို့ မိသားစုဝင်တစ်ဦး လျှင် ကျပ် တစ်သိန်းထောက်ပံ့ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးထား ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အလင်းဝင်လာတဲ့သူတွေကိုတော့ စစ်သားတစ်ယောက်ကို ဆုငွေ ဆယ်သိန်း၊ မိသားစုဝင်တစ်ယောက်ကို တစ်သိန်း နှုန်းနဲ့ ကျတော်တို့ ချီးမြှင့်ထားတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို အခမဲ့ဆေးကုသပေးနေတယ်။” ဟု လီကျားဝင်းက ပြောသည်။
ထို့ပြင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ၎င်းတို့ ဆန္ဒအတိုင်း သွားလိုသည့်နေရာ များသို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ တပ်ရင်းတစ်ခုလုံး ဦးဆောင်ကာ အလင်းဝင်ရောက်ခဲ့သည့် တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်ကို မြန်မာ ပြည်သူလူထုတစ်ရပ်လုံးက ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုမည် ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် လောက်ကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း၊ မြို့ပေါ်တွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့် ပျံသန်းမှုများပြုလုပ်ကာ ကင်းထောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဒီနေ့ မြို့တွင်းအခြေအနေကတော့ ငြိမ်သက်နေတာပဲ၊ လေယာဥ်ကတော့ ဒီနေ့က အသံပဲ ကြားရတာ ဝေးဝေးကနေ။ မြို့ထဲက ပြည်သူ့စစ်နဲ့ စစ်သားတွေကတော့ အလင်းဝင်မယ့်ပုံမပေါ်ဘူး” ဟု လောက်ကိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ရက်တွင် လောက်ကိုင်မြို့၊ ၁၀တန်ဂိတ်အနီးရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီက လေ ကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သေးသည်။


