ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် အိန္ဒိယနိုင်ငံဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားများကို အိန္ဒိယဗဟိုအစိုးရက ယနေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြန်မာပြည်ဘက်ပြန်လည်ပို့ပေးခဲ့ ကြောင်းသိရသည်။
ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သည့် CDF(Htantlang)၊ CDF(Hualngoram)တို့က နိုဝင်ဘာ၁၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဥ်အတွင်း စစ်ကောင်စီတပ်သားအချို့ ၊ လက်နက်ချအညံ့ခံခဲ့ကြသော်လည်း တပ်သားအချို့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ လက်နက်များနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
“မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ဒီဘက်ကိုခိုလှုံလာတဲ့စစ်သား ၄၃ ယောက်ရှိတယ်လို့ ထုတ်ပြန်တယ်ပေါ့နော်။ အဲ့ဒါကို နှာ့လန်ရွာကနေ ဒီမနက်ပဲ ရဟတ်ယာဥ်နဲ့ မိုးရေးမြို့ကိုပို့တယ်လို့သိရတယ်။ မိုးရေးကနေမှ တမူးကိုပို့ တယ်လို့ပြောတယ်”ဟု အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင်းမြို့ရှိ မြန်မာအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
လက်ရှိတွင် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက အလုံးစုံထိန်းချုပ်ထားနိုင်ပြီး နယ်မြေရှင်းလင်းရေး များပြုလုပ်နေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အမှတ်(၁)နှင့် အမှတ်(၂)လမ်းကြောင်း များအားလုံး ယာယီပိတ်ပင်ထားကြောင်း CDF(Hualngoram)က ယနေ့သတင်းထုတ်ပြန်သည်။
“ကျွန်တော်တို့ဘက်က သတင်းအတိအကျမရဘူး။ အွန်လိုင်းပေါ်ပျံ့နှံ့တဲ့ဖိုင်က အမှန်ဖြစ်မှာပါ။ တစ်ဖက်အစိုးရ က ကူညီတာကကျတော့ မကျေနပ်ဘူးဗျာ”ဟု စစ်သားများပြန်ပို့သည့်ကိစ္စနှင့်ပတ်သက်၍ CDF(Hualngoram) ကတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့သိမ်းတိုက်ပွဲတွင်လည်း အိန္ဒိယဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ကို အိန္ဒိယအစိုးရက မြန်မာစစ်တပ်ထံသို့ ပြန်လည်လွှဲအပ်ခဲ့သေးကြောင်း စုံစမ်းသိရှိရသည်။