မန္တလေးမြို့တွင် တပ်ထောက်ခံပွဲပြုလုပ်ရာတွင် ပါဝင်သူများကို တစ်ဦးလျှင် ကျပ် ၂၀၀၀၀ ပေးပြီး၊ ရဲနှင့် စစ်သားများ က လုံခြုံရေးယူပေးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်တပ်ထောက်ခံပွဲများပြုလုပ်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများကို လိုက်လံစည်းရုံးခဲ့ ခြင်းဖြစ်ကြောင်း အမရပူရမြို့နယ်ရှိ ပြည်သူတစ်ဦးက ပြောသည်။
ယနေ့(နိုဝင်ဘာ ၁၄ရက်)၊ မနက် ၁၀နာရီခန့်တွင် အမရပူရမြို့နယ်၊ ၆၇လမ်း၊ ၁၁လမ်းနှင့် ၁၂လမ်းကြား၊ ကျောက်တော် ကြီးဘုရား အနောက်ဘက်၌ တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး၊ ယင်းထောက်ခံပွဲ၌ ပါဝင်သည့်သူများကို တစ်ဦးလျှင် ကျပ် ၂၀၀၀၀ပေးမည်ဟု နိုဝင်ဘာ ၁၁ ရက်က လိုက်လံခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
” နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းကပဲ၊ စစ်ကိုင်းတံတားပေါ်ဆန္ဒပြဖို့ဆိုပြီး တစ်ယောက်ကို နှစ်သောင်းနဲ့ ပွဲတော် ကျန်းရပ်ကွက်က စကစ ခန့်အုပ်ကြီးကနေ လိုက်ခေါ်နေတာပါ၊ ဒီနေ့ဆို မနက်ကတည်းက ကျောက်တော်ကြီးဘုရား အနောက်က တပ်ထောက်ခံပွဲလုပ်ဖို့ဆိုပြီး လူ၆၀လောက်စုနေတာကိုတွေ့တယ်။ တောင်ခြေမှာ ယာဉ်ထိန်းရဲတွေကော၊ ရဲတွေကော အများကြီးဘဲ” ဟု အမရပူမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ စစ်တပ်ထောက်ခံ့ပွဲတွင် အစဉ်အလာကောင်းသည့် တပ်မတော်၊ တပ်မတော်ဖြိုခွဲမည့်အကြံ ဒို့လက်မခံ၊ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် အောင်ရမည့် စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူအင်အား ၆၀ကျော်မှ ဆန္ဒပြခဲ့ခြင်းဖြစ်ပြိး၊ ရဲနှင့် စစ်သားများက လုံခြုံရေးရယူပေးခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ထို့ပြင် တပ်ထောက်ခံပွဲပြုလုပ်ရာ လမ်းတစ်လျှောက်နှင့် အနီးအနားရှိ လမ်းများကို ပိတ်ထားခဲ့ပြီးနောက် လမ်းသွား၊ လမ်းလာနှင့် မော်တော်ယာဉ်များကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
” ၁၂လမ်း၊ ၆၆လမ်းကနေပိတ်ထားတာပါ၊ လွှတ်တော်ဘက်တွေရော အကုန်ပါပဲ၊ ရဲ၊ စစ်သား၊ မော်တော်ပီကယ် အင်အားများများနဲ့ကို စစ်နေတာ၊ အဲဒီလိုမျိုးတွေ စစ်နေတော့ ကိုယ်လည်း မသွားရဲဘူး။ သူတို့ရှိတဲ့နေရာတွေဆို ပတ်ရှောင်ပြီး မောင်းနေရတာပဲ “ ဟု အငှားယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်တွင်လည်း စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအား ဆက်သွယ်ထားသည့် ဧရာ၀တီတံတား (ရတာနပုံ)၊ မန္တလေးဘက်ခြမ်း၌ စစ်တပ်ထောက်ခံသူများက လမ်းပိတ်ပြီး KIA အလိုမရှိဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သေးသည်။









