ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ မြန်မာ-အိန္ဒိယနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF)ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ခိုင်မာသည့်သတင်းရင်းမြစ်ထံကသိရသည်။
စစ်ကောင်စီသည် ရိဒ်ခေါဒါရ်မြို့၌ တပ်စခန်း(၂)ခုဖြင့် အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် တပ်စခန်း (၁)ကိုလည်းကောင်း၊ ညနေပိုင်း တွင် တပ်စခန်း (၂) ကိုလည်းကောင်း အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရိဒ်စခန်းကုန်းနဲ့ တီအိုစခန်းကုန်း ၂ ခုရှိတယ်။ တပ်စခန်း ၂ ခုလုံး၊ မနေ့က ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့ နော်။ စကစဘက်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းပစ်ကူပေးခဲ့တာတွေရှိတယ်။ အသေးစိတ်ကတော့ CAN က သတင်းထုတ်ပြန်လိမ့်မယ်ဗျ”ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
တီအိုချောင်းတောင်ကုန်းပေါ်ရှိ စစ်တပ်စခန်းကုန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြောင်းနှင့် နှစ်ဘက်အထိအခိုက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မနေ့က လေးကြိမ်လောက် ဂျက်ဖိုက်တာနဲ့လာပစ်တယ်။ မနက် ၁၀ နာရီလောက်တစ်ကြိမ်၊ နေ့လယ် ၁၂ လောက်တစ်ကြိမ်၊ ညနေ ၄ နာရီလောက်တစ်ကြိမ်နဲ့ ၇ နာရီလောက်မှာ တစ်ကြိမ်လာပစ်တာ။ စကစ လက်နက် ကြီးလည်း ဒီဘက်ကျလို့ စစ်ရှောင်တွေထိတယ်လို့သိရတယ်။ စစ်ရှောင်တွေက ဇိုခေါထာရ်ဘက်မှာ ရှောင်ကြ တယ်”ဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ရောက် မြန်မာအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
MPA အနေဖြင့် ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
အဆိုပါတိုက်ခိုက်မှုအပြီး ထွက်ပြေးသွားသောစစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်ထံသို့ လက်နက်နှင့်အတူသွားရောက်ခိုလှုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။