ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မွန်ပြည်နယ်နှင့် ကျိုက်မရောမြို့နယ်အစပ်တွင်ရှိသည့် စစ်ကောင်စီ တပ်၏ ချောင်းနှစ်ခွတံတားဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချောင်း နှစ်ခွသို့ စစ်ကူအနေဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကိုပါ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ချောင်းနှစ်ခွတံတားဂိတ်ကို နိုဝင်ဘာ ၁၃ ရက်၊ နေ့လည်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကူ လာသည့် တပ်မ(၂၂)လက်အောက်ခံစစ်ကြောင်းကိုပါ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ပြီး လက်နက်ချအညံ့ခံသူများလည်းရှိကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များ ကအတည်ပြု ပြောသည်။
“ တံတားတက်ရှင်းတာ တံတားကို ကိုယ့်ဘက်က အပြီးသိမ်းလိုက်နိုင်ပြီ။ ရန်သူစစ်ကူ လက်နက်ချတဲ့အဖွဲ့နဲ့ လည်းသွားချလိုက်သေးတယ်။ တပ်မ ၂၂ က အရှင်အများကြီးမိထားတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်းကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရားဝင်သတင်းထုတ်ပြန်ထားသည်။
“ ချောင်းနှစ်ခွဂိတ်က အမြဲတမ်းငွေညစ်နေကြဗျ၊ ကျွန်တော်တို့လို လူငယ်တွေဆိုရင် ပိုရစ်တယ်။ မထင်ရင်မထင် သလို ဖုန်းလည်းစစ်တယ်။ အဓိက မှတ်ပုံတင်စစ်တယ်။ ပြီးတော့ အတုဆိုပီး ပိုက်ဆံတောင်းတော့တာပဲ။ ကျွန် တော့်တုန်းက မပေးရပေမယ့် ကျွန်တော့်အသိတုန်းက တစ်သောင်းထုတ်ပေးခဲ့ရတယ်။ အခုလို ဂိတ်ကို PDF တွေ သိမ်းလိုက်ပြီကြားတော့ ဝမ်းသာတာပေါ့။ ဒီလိုပြည်သူကို ဆက်ကြေးတောင်းနှိပ်စက်နေတဲ့ကောင်တွေ သေလမ်းနဲ့ပဲတန်တယ်” ဟု အဆိုပါဂိတ်အားဖြတ်သန်းသွားလာဖူးသည့် ပြည်သူတစ်ဦးက ဆိုသည်။
PDF ပူးပေါင်းတပ်ဖွဲ့များဘက်က ယခုအချိန်အထိ ချောင်းနှစ်ခွတံတားအား ထိန်းချုပ်သိမ်းပိုက်ထားသည့် အနေ အထားဖြင့် ဆက်လက်တိုက်ပွဲဖော်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အမြှောက်လက်နက်ကြီး၊ တာဝေးပစ်ရော့ကက်ဒုံး၊ ရဟတ်ယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခြင်း၊ ဈေးမီးလောင်ခြင်း၊ အရပ်သားထိခိုက်သေဆုံးခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းများရှိနေ ကြောင်း စုံစမ်းသိရှိရသည်။

