ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အသက် (၈) နှစ်နှင့် (၁၀) နှစ်ခန့်သာ ရှိသေးသည့် ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့် ခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအမျိုးသာကို နိုဝင်ဘာ၊ ဒုတိယပတ်အတွင်း ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် (၄၀) ချမှတ်ခဲ့ကြောင်း အမှုနှင့်နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သော အသက်မပြည့်သေးသည့် ညီအစ် မနှစ်ဦးကို ကျောင်းကြို၊ ပို့လုပ်ပေးသည့် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ အောင်းဝင်းနိုင်ဆိုသူ သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကလေးတွေ ကျောင်းဆင်းတာနဲ့ ရပ်ကွက်ထဲက လူမနေတဲ့ အိမ်တစ်အိမ်ကိုခေါ်သွားပြီး မုဒိန်းမှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂) ရက်၊ ညနေပိုင်းတွင် ရန်ကင်းအောင်လမ်း၊ အမှတ် (၄) ရပ်ကွက်ရှိ လူမနေသည့် အိမ်တစ်လုံးတွင် အောင်ဝင်းနိုင်နှင့် အသက် (၈) နှစ်အရွယ် ညီမဖြစ်သူတို့ကို တွေ့ရှိသဖြင့် ဆရာမများက အောင်မြေရွှေဘုံ (အထက-ခွဲ) ကျောင်းသို့ ခေါ်ဆောင်၍ မိဘများနှင့် မေးမြန်းရာ ၎င်းတို့ညီအစ်မနှစ်ဦးကို ကျောင်းမှ ကြိုပြီးနောက် အမဖြစ်သူကို အဆိုပါလမ်းအတွင်းရှိ အခြားလူမနေသည့် အိမ်တစ်လုံးတွင် ထားခဲ့ပြီး ညီမဖြစ်သူကို ခေါ်ဆောင်၍ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ သွားခေါ်တော့ အမဖြစ်သူက သူ့ကိုထားခဲ့တဲ့ အဲ့အိမ်ပျက်ထဲမှာ ငိုနေတာတွေ့ရတယ်။ အဲ့တာနဲ့ ကျောင်းကို ပြန်ခေါ်သွားပြီး မေးမြန်းတော့မှ သူတို့ကို သက်ငယ်မုဒိန်းမှု ကျူးလွန်နေတာတွေကို သိရတာ။ ဘယ်လိုစိတ်မျိုးနဲ့ အခုလို ငယ်ငယ်ရွယ်ရွယ် ကိုယ့်သားသမီးအရွယ်လောက်လေးတွေကို ကျူးလွန်ရဲလဲ မသိပါဘူးဗျာ။ မိဘတွေအနေနဲ့လည်း စိတ်ချရတယ်ဆိုပြီး အခုလို သူစိမ်းတွေနဲ့ မလွှတ်ထားသင့်ပါဘူး” ဟု ရာအိမ်မှူးဖြစ်သူက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂) ရက်နေ့က တရားခံအောင်ဝင်းနိုင်ကို မြဝတီမြို့မရဲစခန်းက ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ၁၀ လအကြာ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချခဲ့ခြင်းဖြစ်သည်။