ရခိုင်ပြည်နယ်၊မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ကုန်စည်စီးဆင်းမှုလမ်းများအား စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာ၁၃ရက်)နံနက်ပိုင်းမှစ၍ ရန်ကုန်-စစ်တွေ၊ငါးသိုင်းချောင်း-ဂွနှင့်ရန်ကုန်-တောင်ကုတ်လမ်းပိုင်းတို့ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်းဒေသခံအချို့ထံက သိရသည်။
“ပြည်မ ဘက်ကလာတဲ့ဂိတ်တွေကိုပိတ်ထားတယ်။စစ်ပွဲဖြစ်တာနဲ့ ယုတ်မာတာပေါ့။ရခိုင်ပြည်ရဲ့ ကုန်သွယ်စီးဆင်းမှုကိုပိတ်ပစ်လိုက်တယ်လို့ ကျနော်တို့မြင်ပါတယ်။သူတို့(စစ်ကောင်စီ)ယုတ်မာချက်က ရခိုင်ပြည်သူ၊ပြည်သားတွေ စစ်ဖြစ်တဲ့ဆိုးကျိုးအနေနဲ့ AA ကိုလုပ်လို့မရလို့ ကျနော်တို့ ရခိုင်ပြည်သူ၊ပြည်သားတွေကို ထိခိုက်အောင်လုပ်တာပေါ့။ငတ်ပြီးသေပါစေဆိုတဲ့ စိတ်ထားနဲ့လုပ်တယ်လို့ ကျနော်တို့အနေနဲ့သုံးသပ်ပါတယ်” ဟုရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ခိုင်မင်းသစ် ကပြောသည်။
ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် နယ်ခြားစောင့် စစ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သလို မင်းပြားမြို့နယ်အတွင်း စစ်သားများတင်ဆောင်လာသော စစ်ကား ၂ စီးကိုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထို့အပြင် ကျောက်တော်မြို့နယ်ရှိ အပေါက်ဝနယ်မြေရဲစခန်းကိုလည်း AA က ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်းသိရသည်။
“တောင်ကုတ်မြို့ဝင်၊မြို့ထွက်ကို ဒီနေ့မနက်ကတည်းကပိတ်လိုက်တာ။တိုက်ပွဲဖြစ်နေတယ်။အဲ့ဒါကြောင့် တောင်ကုတ်ဂိတ်တွေကို ပိတ်လိုက်တာနေမယ်။လိုင်းကားတွေလည်း တစ်စီးမှ မထွက်ဘူး။ကျနော်တို့ ဆေးခန်းပြဖို့တောင် ကားတွေမထွက်လို့ ပြန်လာခဲ့ရတယ်။ဆန်စျေးတွေလည်း ရုတ်တရက် အဆမတန်ထိုးတက်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီ နှင့် AA တို့ကြား အပြန်အလှန်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားခဲ့ပြီး ယခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊TNLAတို့နှင့်အတူ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်လျက်ရှိသည်။