တော်လှန်ရေးပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသည့် လွိုင်ကော်မြို့ပတ်ပတ်လည်အား စစ်ကောင်စီ တပ်မှ ဗုံးကြဲနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၁၂ရက်) ၊ ည ၇နာရီ ၁၃မိနစ်၌ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် နှစ်စီးထက်မနည်းအသုံးပြုကာ၊ မိုးဗြဲမြို့အား ဗုံးတစ်ကြိမ်၊ လွိုင်ကော်မြို့ပေါ်ရှိ ထေးဌားလျားရပ်ကွက်သို့ ဗုံးနှစ်ကြိမ်နှင့် ဒေါဥခူ အနောက်ခြမ်းသို့ ဗုံး တစ်ကြိမ်ကြဲချခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ၇နာရီဝန်းကျင်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲနေတာ၊ အသံကြားပေမယ့် ထွက်ကြည့်လို့မရလို့ ဘယ်နှစ်စီးလဲဆိုတာ သေချာမသိဘူး။ နောက်ဆုံးအသံကြားတာကတော့ ဂျက်နှစ်စင်းပျံသွားတာကြားတာပဲ” ဟု ၎င်းက ပြောသည်။
ယနေ့ နေ့လယ် ၁နာရီ ၄၅မိနစ်မှစတင်ကာ လွိုင်ကော်မြို့၊ နောင်ယားကန်အနီးတွင် စစ်ကောင်စီတပ်နှင့် ၁၁.၁၁ စစ်ဆင်ရေးမှ တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားနေပြီး ယခုချိန်အထိတိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
“ အခုဖြစ်နေတာက ဒေါဥခူ အနောက်ခြမ်းမှာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်မှာ ထိတွေ့တိုက်ပွဲဖြစ်နေတာပေါ့။လွိုင်ကော် ထောင်ကိုတော့ အခုထိ မသိမ်းနိုင်သေးဘူး။ အဲ့ဒီနေရာကို တပ်ကသေချာပြင်ထားတာ၊ ရဲရော၊စစ်သားရော ရှိတယ်” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့အတွင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ယနေ့ည ၈နာရီဝန်းကျင်က လွိုင်ကော်အခြေစိုက် တပ်ရင်း တစ်ခု မှ စစ်ကား ၄စီး နမ့်ဘော်ဝမ်ရပ်ကွက် သို့ ထွက်ခွာသွားကြောင်း လွိုင်ကော်မြို့နေဒေသခံတစ်ဦးက ပြောသည်။
“ စစ်ကားအကြီး ၃ စီးပေါ်မှာ စစ်သားတွေအပြည့်ပါတယ်။ အခုပဲ တောင်ဘက်ကိုမောင်းသွားတာ။နမ့်ဘော်ဝမ်ဘက် ခြမ်းကို၊ စံပြ ၆ မိုင် ၊ ပန်ကန်းဘက်လို့ ယူဆရတယ်။ ည ၈နာရီ ၁၀မိနစ်ကလည်း စစ်သားအပြည့်ပါတဲ့ စစ်ကားတစ်စီး ထပ်ထွက်တယ်။ မြို့ထဲပစ်ခတ်နေလို့ ဒေသခံတွေအကုန်မီးပိတ်နေနေကြတယ်။ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ချို့ မှာတော့ လက်နက်ကြီး ထိတဲ့ပြည်သူတွေနဲ့ နေအိမ်တွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ လွိုင်ကော်အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်း မကျဆုံးရေးအတွက် စစ်သားနှင့် လက်နက်အင်အားများဖြည့်တင်းလျက်ရှိကြောင်း MPAကစုံစမ်းသိရှိရသည်။