ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ ပိတ်မိရာ နေရာသို့ စစ်ကောင်စီ မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဆယ်ချီ၍ ရှိကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက MPA သို့ ပြော သည်။
ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်)၊ ည ၈ နာရီခွဲအချိန်ခန့်တွင် လောက်ကိုင်မြို့အထွက်၊ ၁၀ တန်ဂိတ်အနီး၊ ရှီယွင်ကြည် ကျေးရွာ၌ ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများရှိရာနေရာသို့ စစ်ကောင်စီမှ လေယာဥ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
“ လေယာဥ်နဲ့ပစ်သွားတာ။ ထိတာ သေတာတွေရှိတာပဲသိတယ်။ ကျတော်တို့လည်း လန့်ပြီးပြေးရတာ၊ အတိအကျ မသိဘူး။ နေရာတွေပြောင်းပြီး နေနေကြရတာ၊ စားဖို့လည်းခတ်ခဲတယ်။ ဘယ်လောက်သေတယ် ထိခိုက်တယ် ဆိုတာတော့ ကျတော်လည်း မသိဘူးလေ၊ အသက်လုပြေးနေရတာ ကိုယ်တိုင်အသက်ရှင်ဖို့အတွက်က ပိုအရေး ကြီးတယ်” ဟု ၁၀ တန်ဂိတ်၌ ပိတ်မိနေသည့် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်သည့်နေရာမှာ လောက်ကိုင်မြို့နှင့် သုံးမိုင်ခန့်အကွာ၌ တည်ရှိသည့် ရှီယွင်ကြည် ကျေးရွာအနီးဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်သည့်အချိန်တွင် အဆိုပါကျေးရွာ၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ တပ်ဖွဲ့ဝင်များမရှိကြောင်း လီကျားဝင်းက ပြောသည်။
“ မနေ့က ညနေပိုင်းလောက်မှာ လေယာဥ်နဲ့လာကြဲတာပါ။ တစ်ရာကျော်ဆုံးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထိခိုက်မှုနဲ့ ကျဆုံးမှု့အခြေအနေကတော့ စုစုပေါင်းရင် ဆယ်ချီပြီးရှိပါတယ်” ဟု လီကျားဝင်းက ဆိုသည်။
အဆိုပါ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူဆယ်ဦးကျော်ရှိနေပြီး၊ ထိခိုက် ဒဏ်ရာ ရရှိသူများကို MNDAA အနေဖြင့် ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း လီကျားဝင်းက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်)၊ မွန်းလွဲပိုင်း၌လည်း လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ လက်နက်ကြီး ဖြင့် ပစ်ခတ်၍ စစ်ရှောင်ပြည်သူ ခြောက်ဦးခန့်သေဆုံးခဲ့ပြီး၊ ညပိုင်း၌လည်း လောက်ကိုင်မြို့ပေါ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်များ နီးကပ်စွာ ပျံသန်းနေကြောင်း သိရသည်။
“ လေယာဉ်ပျံတာတော့ ဟုတ်တယ်။ နိမ့်နိမ့်လေးတွေ။ နေ့လယ်မှာတစ်ခါလက်နက်ကြီးနဲ့ထုတယ်။ အဲ့ဒီနောက် ည ၈ နာရီခွဲလောက်မှာလည်း ဗုံးကြဲတော့ လောက်ကိုင်ဘက်ကို ပြန်ပြေးလာကြတဲ့သူတွေ ရှိတယ်။ တုန်ရှိန်ဘက်က ကျမ အသိတစ်ယောက်ဆို လက်မောင်းထိသွားတယ်” ဟု လောက်ကိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ အလုပ်လုပ်ကိုင်နေသူအများစုမှာ လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်ပြန်မရဘဲ လောက်ကိုင်နှင့် လားရှိုးမြို့ကြားတွင် ပိတ်မိနေကြသည်။