ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၁၂ရက်)မွန်းလွဲ ၁နာရီ ဝန်းကျင်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အနောက်ခြမ်းရှိ လွိုင်ကော်အကျဉ်းထောင်ကို တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ပစ်ကူလွှတ်ကာ ဗုံးကြဲနေကြောင်း KNDF စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ ထောင်ကို စတိုက်တာ ၁နာရီ၄၅မိနစ်မှာပါ။ထောင်မှာက တင့်ကားရှိတယ်။ပြည်နယ်ရဲနဲ့မြို့မရဲက ထောင်ကိုအင်အားပို့ထားတာ။စစ်တပ်လည်းရှိတယ်။ပွဲကတော့ ကြမ်းနေတုန်းပဲ။ဝင်လုံးနေတုန်း ပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီခန့် က လွိုင်ကော်မြို့အနောက်ဘက်ခြမ်း ဒေါဥခူရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် တစ်ကြိမ်ဗုံးကြဲခဲ့ပြီး ဘုရားဖြူကျေးရွာဘက်သို့လည်း စစ်ကြောင်းထိုးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ နေ့လည် ၁နာရီက ဒေါဥခူ အနောက်ခြမ်းကို ကြဲသွားပြီ။ထပ်လည်းလာနေတယ်။ မိုးဗြဲဘက်ကိုလည်း ဂျက်လေယာဉ်တစ်စီးထွက်သွားတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့် က လွိုင်ကော်မြို့၊နောင်ယားကန်အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
“ ထေးဌားလျားရပ်ကွက်နားမှာ ဖြစ်နေတာပါ။စစ်သားတွေဘက်က ဒီမနက်မှာတင် ၄ ဦးသေတယ်။အခြေအနေကတော့ အခုမှ(မွန်းလွဲ ၁နာရီ ၄၅မိနစ်) စတာဆိုတော့ သေချာမသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့ကို ၁၁.၁၁စစ်ဆင်ရေးအဖြစ် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း ၃ကြောင်းခွဲကာ တိုက်ခိုက်နေပြီး လွိုင်ကော်မြို့မရဲစခန်းကိုလည်း တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။