မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာနေ ပြည်သူ ၈ဦး ရပ်ရွာစွန့် ထွက်ပြေးလာကြောင်း သိရသည်။
နို၀င်ဘာ ၁ ရက်တွင် PKU N PDF က ဒရုန်း ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် လူသားစာနာ စာချွန်လွှာကို ကန်နီပျူရွာအတွင်း ကြဲချပြီးနောက် နို၀င်ဘာ ၉ ရက်၊ နံနက် ၉ နာရီ ခန့် ၌ ကန်နီ ရွာမှပြည်သူ ၈ ဦးတို့သည် ယင်း စာချွန်လွှာများ ကိုင်ဆောင်ကာ ထွက်ပြေးလာ ခဲ့ခြင်း ဖြစ်သည်။
“ သူတို့ဘာသာ သူတို့ ခိုးပြီး ထွက်လာကြတာပါ။ ဝေဟင်က ကြဲလိုက်လို့ ရခဲ့တဲ့ စာချွန်လွှာလေးတွေ ကိုင် လာခဲ့တာ။ အဲမှာ ပြည်သူတချို့က မြင်ပြီး နယ်မြေခံ အဖွဲ့ တွေဆီကို အပ်ခဲ့တာပါ “ ဟု PKU N PDF တာ၀န်ခံ ရဲဘော် ခွာညိုက ပြောသည်။
ကန်နီ ပျူရွာမှာ အိမ်ခြေ ၇၀၀ ကျော် ရှိသော ရွာကြီး ဖြစ်ပြီး ပျူစောထီးအင်အား ၇၀ ၀န်းကျင် ရှိကာ အရပ်သား ပြည်သူ ၁၀၀၀နီးပါး ရှိသည်။
” အရင်က ခုလို နှိုးဆော်တာမျိုး မရှိခဲ့ဘူး။ ဒါ ပထမဆုံးပါ၊ နောက်လည်း ထပ် ချဖို့ ရှိပါတယ် ” ဟု ၎င်း က ပြောသည်။
ကန်နီရွာမှ ထွက်လာသူ ၈ဦးတွင် အမျိုးသမီး ၂ဦး ပါဝင်ပြီး တချို့မှာ ရွာထဲ၌ မိသားစုများ ကျန်နေသေးကြောင်း သိရသည်။
ကန်နီ ပျူရွာအတွင်းရှိ ပြည်သူ အများစုမှာ အပြင်သို့ ထွက် ချင်ကြသော်လည်း ပေးမထွက်သောကြောင့် ယနေ့အချိန်ထိ နေ နေရခြင်း ဖြစ်ကြောင်း ပျူရွာအတွင်းမှ ထွက်လာသူ တစ်ဦးက ပြောသည်။
” သူတို့က လုံး၀ ပေးမထွက်ကြဘူး။ ကလေးငယ်တွေကို ပိုခြိမ်းခြောက်တယ်။ မထွက်ရဲအောင်ပေါ့။ ရွာအပြင်ကိုတောင် ပေးမထွက်ဘူး ။ အဲတော့ လွယ်လွယ် မထွက်ရဲကြဘူး ” ဟု ၎င်း က ပြောသည်။
စစ်ကောင်စီ တပ်အနေနှင့် ကျေးရွာအတွင်းရှိ ပျူစောထီးများ ကိုသာ ရိက္ခာ စီစဉ် ပေး၍ ကျေးရွာအတွင်းရှိ ပြည်သူများကိုမူ ရိက္ခာမပေးကြောင်း သိရသည်။
” သူတို့ ပျူတွေပဲ အဓိက ပေးတယ် ။ ကျန်တဲ့သူတော့ ဖြစ်ချင်သလို ဖြစ်။ ဆန်ပြတ်လို့ ဆန်ပြုတ် သောက် နေရတာ ကြာပြီ။ ဒီလိုပဲ ဖြစ်သလို နေရတာပဲ။ ပေါက်ဈေးထက် ပိုေပးမယ် ဆိုရင်တောင် ၀ယ်မရဘူး၊ လွယ်လွယ်နဲ့။ ခြူးနဂါးဆေးပေါ့လိပ် တစ်လိပ်ကို ၃၀၀ ပေးတောင် လူတိုင်း မရဘူး” ဟု ၎င်းက ပြောသည်။
ထွက်ပြေးလာသော ပြည်သူ ၈ဦးကို နယ်မြေခံ PDF အဖွဲ့တစ်ဖွဲ့၏စခန်းတွင် လတ်တလော ထားရှိကာ နောက်ပိုင်းတွင် ၎င်းတို့၏ ဆန္ဒအတိုင်း ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
ကန်နီပျူရွာအတွင်းရှိ ပြည်သူများ ဆက်လက်ထွက်ခွာလာနိုင်အောင် ကြိုးစားကူညီသွားဦးမည်ဟု ရဲဘော်ခွာညို ကပြောသည်။