ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ ၊ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်များကို စစ်ကောင်စီက အပြင်ထွက် ခွင့် ပိတ်ပင်ထားသောကြောင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မဟာမိတ်အဖွဲ့တွေက မြို့ကိုသိမ်းလိုက်တယ်ဆိုပေမယ့်၊ ကျမတို့စစ်ရှောင်နေတဲ့ ရွာဘက်မှာတော့ ခြေလျင်တပ်မ ၆၉ ကရှိနေတယ်။ စစ်ရှောင်တွေအကုန်လုံးကို ဘယ်စစ်ရှောင်စခန်းမှ ပေးမပြောင်းခိုင်းဘူး။ အပြင်လဲထွက်ခွင့်မပေးဘူး။ဘုန်းကြီးကျောင်းထဲမှာဘဲ နေခိုင်းနေတာပါ” ဟု ကျောင်းခမ်းရွာရှိ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ကျောက်ခမ်းရွာရှိ စစ်ရှောင်များကို အပြင်ထွက်ခွင့်မပေးခြင်းသည် စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချနေခြင်းဖြစ်ကြောင်း၊ စစ်ရှောင်များသည်လည်း ရိက္ခာပြတ်လပ်နေသောကြောင့် ဆန်ပြုတ်ကိုသာ အဓိကထား စားသုံးနေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေကိုကူညီပေးနေတာပါ၊ အဖွဲ့အစည်းတော့မဟုတ်ပါဘူး။ ကျတော်တို့လည်း ဘုန်းကြီးကျောင်းထဲမှာပိတ်မိနေတာ၊ ပြီးခဲ့တဲ့လ ၂၈ရက်နေ့လောက်ထဲက ပိတ်မိနေတာ၊ အိမ်နဲ့နီးတဲ့သူတွေကတော့ ဆန်တွေပြန်ယူတယ်။ အခြားရွာကလာလှူတဲ့ဆန်တွေနဲ့ အဆင်ပြေသလို စားသောက်နေရတာ၊ အခုတော့ရိက္ခာ ပြတ်နေပြီ၊ ဘယ်မှလည်းထွက်မရဘူး။ အလှူရှင်တွေလည်းမရှိဘူး “ ဟု ကျောင်းခမ်းရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်များအား ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ကျောင်းခမ်းရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များထံမှ ရိက္ခာများကိုပင် ပြန်လည် လုယူစားသောက်မှုများရှိနေကြောင်း၊ ကျောင်းခမ်းရွာနေ ဦးသူဇော်က ရှင်းပြသည်။
” ခြေလျင်တပ်မ ၆၉ကို ဘယ်သူမှ ရိက္ခာလာမပို့ဘူး။ စစ်ရှောင်တွေနဲ့မျှစားနေတာ၊ စစ်ရှောင်တွေက ဆန်မလောက်လို့ ဆန်ပြုတ်ပြုတ်သောက်နေရတာ၊ အဲ့ဒါကို စစ်ရှောင်တွေရဲ့ဆန်တွေပါ ပြန်လုနေတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိ သိန္နီမြို့တွင် အချို့နေရာများ၌ ဖုန်းလိုင်းပြတ်တောက်မှုများရှိနေပြီး၊ ဒဏ်ရာရရှိထားသည့် စစ်ဘေးရှောင်အချို့ သည်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် သိန္နီမြို့တွင် စစ်ဘေးရှောင် ၉၀၀၀ ကျော်ရှိပြီး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ နောင်ချို၊ ကိုးကန့်တို့တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀၀ ကျော်ထိရှိနေကြောင်းလည်း သိရသည်။


