ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက် က KNDF တပ်ရင်းအမှတ် (၅)နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)တို့ပူးပေါင်းပြီး နယ်မြေလုံခြုံရေးနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးတို့အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ကျတော်တို့နယ်မြေထဲမှာ လုံခြုံရေးအင်အားလိုက်ကူပေးတာပါဗျ၊ အဓိက တရားဥပဒေစိုးမိုးရေးလုပ်တာက KSPပဲဗျ” ဟု KNDF B-05၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကျတော်တို့က အခုလက်ရှိ စခန်းကိုးခုရှိတယ်။ အဲ့ဒီစခန်းတွေကနေရှောင်တခင်စစ်တာဖြစ်တဲ့အတွက် တစ်လ တစ်ခါပုံစံမျိုးဆိုရင် ဒီတစ်ခါစစ်ပြီးရင်နောက်မစစ်တော့ဘူး။ တစ်ချို့နေရာတွေက လုံခြုံရေးဂိတ်တွေဖွင့်ပြီး ပုံမှန်စစ်နေတာလည်းရှိတယ်” ဟု KSP သတင်းနှင့်ပြန်ကြားရေး ဌာနမှူး ကိုဘိုဘိုကပြောသည်။
ယခုကဲ့သို့ ရှောင်တခင် စစ်ဆေးရန်အတွက် KNDF ဖြင့် ပူးပေါင်းပြီး၊ အခြားသော ကရင်နီအမျိုးသားကာကွယ်ရေး တပ်များဖြင့်ပါ ပူးပေါင်းကာ စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကာ၊ ပြည်သူများမှလည်း ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံကြောင်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရာတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့မှုများလည်းရှိကြောင်း ကိုဘိုဘိုက ဆက်လက်ရှင်းပြသည်။
“ KSPကမိလို့ရှိရင် အပြစ်ပေးတယ်ဆိုတာထက် တရားရေးဝန်ကြီးဌာန၊ တရားရုံးကနေ အမှုတည်ဆောက်တယ်။သက်သေစုဆောင်းတယ်။ ပြီးရင် တရားစွဲတင်ပို့တယ်” ဟု ကိုဘိုဘိုကပြောသည်။
KSPကို ၂၀၂၁ သြဂုတ် ၂၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေသည်မှာ ၂နှစ်ကျော်ရှိပြီ ဖြစ်ကာ၊ ယခု ၂၀၂၃ခုနှစ်တွင် အမှုပေါင်း သုံးဆယ်ကျော် တရားစွဲဆိုနိုင်ခဲ့ကြောင်း သိရသည်။





