စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်သားနှင့်ရဲတို့ ပြည်သူ့ရင်ခွင်ခိုလှုံရန် လှုံ့ဆော်စာရွက်များကို ဒရုန်းဖြင့် ကြဲချခဲ့ကြောင်းသိရသည်။
“ ခံစစ်ပြင်မနေနဲ့။ မင်းမိသားစုအတွက် မင်းအသက်ရှင်သင့်တယ်” နှင့် ” ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြ” စာသားပါ စာရွက် ၅၀၀ ကျော်ကို ဒရုန်း ၃ စင်းဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က ရေဦးမြို့ပေါ် စစ်သားနှင့်ရဲများရှိနိုင်သည့် အထပ်မြင့်အဆောက်အအုံများပေါ်သို့ ကြဲချခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း- ၁၄ YEU PDF ထံက သိရသည်။
“ သူတို့ရှိနိုင်တဲ့နေရာတွေကို ဒရုန်း ၃ စင်းနဲ့ဖြန့်ပြီးကြဲတာ။ မြို့ထဲမှာ သူတို့မိသားစုဘာညာရှိတယ်။ အဲ့လိုနေရာတွေမှာ ကြဲတာ။ လမ်းပေါ်မှာသူတို့(စစ်သား)ရှိတော့ မတွေ့ဘဲမနေပါဘူး။ ကျနော်တို့ ရည်မှန်းတဲ့ ဦးတည်ချက်က သူတို့ကို ကြီးကြီးမားမားတိုက်ခိုက်မယ်။ ပြီးမှ စည်းရုံးမယ်။ ဘာမှမလုပ်ဘဲ စည်းရုံးရင် သူတို့လည်းကြောက်မှာ မဟုတ်ဘူးလေ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ YEU PDF မှ တာဝန်ရှိသူတဦးက MPAသို့ပြောသည်။
ရေဦးမြို့ပေါ်သို့ ဒရုန်းဖြင့် စာရွက်ကြဲချသည်မှာ ၂ကြိမ်ရှိပြီဖြစ်ပြီး လာရောက်ဆက်သွယ်သည့် စစ်အုပ်စုဝင်များလည်းရှိကြောင်း ၎င်းကပြောသည်။
ဒရုန်းပေါ်မှ စာရွက်များကျလာသည်ကိုဒေသခံပြည်သူများက မြင်တွေ့ကြပြီး မြို့ခံအချို့လည်း ကောက်ယူမှုရှိကြောင်း ရေဦးမြို့ခံတစ်ဦးကပြောသည်။
” ပြည်သူတွေကတော့ မြင်တာပေါ့။ သိတဲ့ပြည်သူတွေက ကောက်ကြတာပဲ။ စစ်သားတွေလိုက်ကောက်သိမ်းနေတာလည်း ကြားမိတယ်” ဟု ၎င်းကပြောသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှစပြီး ရေဦးမြို့နယ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သား၊ ရဲနှင့် ပျူစောထီးတို့ မရှိသေးကြောင်း ရေဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ခုထိ လာခိုလှုံတာမရှိသေးဘူး။ တယူသန်တွေများတယ်။ မိသားစုနဲ့ခြိမ်းခြောက်ထားလို့ မဝင်ရဲတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ရေဦးမြို့ပေါ်မှ ပြည်သူ့ရင်ခွင် ခိုလှုံလိုသည့် စစ်အုပ်စုဝင်များအနေဖြင့် Telegram Account @yeupdf ထံသို့ ဆက်သွယ်နိုင်ပြီး ထိုက်တန်သည့်ဆုငွေ ချီးမြှင့် မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်သားများ အခြေစိုက်ရာ ရေဦးမြို့တိုင်းရင်းဆေးရုံ၊ ရွှေကျီးမင်းဂိတ်နှင့် ဂါဝီပန်းခြံဂိတ်တို့ကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ စစ်သား ၁၃ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ YEU PDF ထံကသိရသည်။



