စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာကားလမ်းဘေးရှိ ရွာမရွာအနီး၊ ယနေ့(နိုဝင်ဘာ ၁၁ရက်)၊ မနက်၉နာရီ ကျော်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာမရွာသို့ စီးနင်း၀င်ရောက်ကာ၊ လူနေအိမ် ၈ လုံး အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“ မုံရွာလမ်းဘေး ရွာမဇရပ်အနီး ကင်းပုန်းလာ၀ပ်တဲ့ စစ်သား ၁၅ကောင်နဲ့ ကျတော်တို့အဖွဲ့ ထိပ်တိုက်တွေ့ပြီး အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ၊ အထိခိုက်မရှိပါဘူး။ ကျည်အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၁၀နာရီလောက်မှာ စစ်ကိုင်းမြို့ကနေ စစ်သားအင်အားလာဖြည့်ပြီး ရွာမရွာထဲပစ်ခတ်၀င်ရောက်ပြီးမီးရှို့တော့တာ၊ ညနေပိုင်းမှ ကျတော် တို့နယ်မြေ၀င်ရှင်းနိုင်တယ်။ နေအိမ် ၈လုံးမီးရှို့ဖျက်ဆီးသွားပါတယ်။ အခုညလည်း စစ်ကြောင်းထိုးဖို့ သူတို့လုပ် နေတယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးကပြောကြားသည်။
ထိုကဲ့သို့ ရွာမရွာအား စစ်တပ်က၀င်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် အနီး၀န်းကျင်ကျေးရွာများဖြစ်သော လယ်ကြီး၊သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ရွာများမှ ပြည်သူ ထောင်ချီသည် ဘေးလွတ်ရာနေရာများသို့ စစ်ရှောင်နေရကြောင်းသိရသည်။
“ ရွာမကိုစစ်သားတွေမီးရှို့တော့ အနီးနားကရွာတွေ မနေရဲတော့ဘဲ ကျတော်တို့ရွာဘက်ကိုပြေးလာကြတယ်။ စစ်ရှောင်က ထောင်ချီတော့ နေရာချရတာခက်သလို ကျွေးမွေးဖို့လည်းခက်ကုန်တယ်။ စစ်ရှောင်တွေကို ကျွေးမွေးဖို့ မြို့နယ် ပအဖက ဆန်နဲ့ဆီ ထောက်ပံ့ပေးထားပါတယ်။ စစ်ကြောင်းဆက်ထိုးမယ်ဆို ကျတော်တို့ရွာတွေပါ ထပ်ပြေးကြ ရဦးမှာ” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာလမ်းဘေး ညောင်ပင်၀န်းတိုက်နယ်နှင့်ရွာသစ်ကြီးတိုက်နယ် အတွင်းရှိ ရွာများအား မကြာခဏစစ်ကြောင်းထိုးကာ၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများ အား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း စသည့်စစ်ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်နေကြောင်းဒေသခံများထံမှသိရသည်။






