စစ်ကောင်စီအာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် နေအိမ် ၈၀၀၀၀ နီးပါးအထိရှိလာပြီဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စာရင်းအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာအား စစ်ကောင်စီ တပ်မှ ၄ကြိမ်မြောက် မီးရှို့ခဲ့မှုကြောင့် နေအိမ် အလုံး၃၀ပျက်ဆီးခဲ့ပြီး၊ အလယ်ခုံကျေးရွာသည်လည်း စစ်ကောင်စီ တပ်၏ မီးရှို့မှုများကြောင့် တစ်ရွာလုံးနီးပါး နေအိမ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှ နေအိမ် ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
” ကျတော်တို့အိမ်ဆို အရင်တစ်ခါ မီးရှို့ခံရတုန်းကတော့ မပါဘူး။ စစ်ကြောင်းတွေထိုးပြီး အကြိမ်ကြိမ်ရှို့ကြတော့ ဒုတိယအကြိမ်မီးရှို့ခံရတော့ပါသွားတာ၊ နေစရာအိမ်မရှိတော့ ပြန်လည်း မနေရဲတော့ဘူး။ အဲ့ဒါကြောင့်မို့ ဖြစ်သလို တဲထိုးပြီးပဲ တောထဲမှာ နေနေတာ၊ ပြန်ဆောက်လည်း စစ်ကြောင်း ထပ်လာရင် ထပ်ရှို့ကြဦးမှာဘဲလေ၊ အိမ်တစ်လုံး ရဖို့ဆိုတာ ကျတော်တို့ တောသူတောင်သားတွေအတွက်တော့ မိုးထဲရေထဲမှာ ကြိုးစားလုပ်ပြီး ရတဲ့ချွေးနည်းစာလေး တွေနဲ့ ဆောက်ထားရတာပါ၊ အခုလိုတွေတော့ ဖြစ်နေတော့လည်း လက်ရှိကနေ လက်မဲ့ ဘ၀တွေ ဖြစ်သွားတာပေါ့ “ ဟု ၎င်းက ပြောသည်။
Datat for Myanmar၏ ကောက်ယူထားသည့် စာရင်းများ၌ စစ်ကိုင်းတိုင်းတွင် နေအိမ် ၅၈,၃၉၇ လုံးဖြင့် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ မကွေးတိုင်းတွင် နေအိမ် ၁၁,၅၄၀ လုံး၊ချင်းပြည်နယ်က ၁၆၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သည် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုများကို အကြိမ်ကြိမ်ခံခဲ့ရပြီး ယခုဆိုလျှင် အိမ်ခြေပေါင်း ၆၀၈၅ခန့် မီးရှို့ခံခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည် ။
” ရွာပေါင်း ၆၀ ကျော် ၇၀ နီးပါးလောက် မီးရှို့ခံထားရတယ်။ အိမ်ခြေက ၆၀၈၅ လောက်ရှိသွားပြီတာပေ့ါ။
နေအိမ်ဆုံးရှုံးသွားတော့ ယာယီတဲလေးတွေ ထိုးပြီး နေနေကြတယ်။ ပြီးတော့ ရာသီဥတုဒဏ်မခံနိုင်ကြဘူး။နွေအခါမှာဆိုလည်း အရမ်းပူတယ်၊ ဆောင်းခါဆိုလည်း အရမ်းအေးနဲ့ နေစရာအခက်အခဲဖြစ်တာပေါ့၊ ကျန်းမာရေး ကိစ္စတွေဆိုလည်း ကျွမ်းကျင်တဲ့သူတွေရှိတဲ့ နီးစပ်ရာ ရွာတွေကိုပဲ သွားနေရတယ်။အရေးပေါ်ကျန်းမာရေးကိစ္စ ပေါ်လာလည်း အဲ့ဒီလိုပါပဲ “ ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်မှ နေအိမ်ပေါင်း ၄၆၉၃၇ လုံးကိုမီးရှို့ ဖျက်ဆီးခဲ့ပြီး၊၂၀၂၃ ခုနှစ် အောက်တိုဘာတစ်လ အတွင်း၌ပင် နိုင်ငံတစ်ဝန်းရှိ နေအိမ်ပေါင်း ၆၀၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data For Myanmar အဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။






