မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ယနေ့ (ဇူလိုင်လ ၂၁ ရက်) ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ယင်းအုပ်ချုပ်ရေးမှူး ဦးစန်းလွင်သည် ညနေ ၅ နာရီခန့် ၄င်း၏အိမ်၌ရှိနေစဥ် အမည်မသိလူတစ်စုက လာရောက်၍ သေနတ်ဖြင့်ပစ် ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ညနေက သေနတ်သံကြားလိုက်ရတယ်။ ဦးစန်း လွင်ကိုပစ်သွားတယ်လို့သိရတယ်။ ပစ်တဲ့လူတွေကိုတော့ဘယ်ကလဲတော့မသိဘူး” ဟု မိုးကုတ် မြို့ရေပူ ရပ်ကွက်ဒေသခံတစ်ဦးက MPA သို့ ပြောဆိုသည်။
ပစ်ခတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူး ဦးစန်းလွင်အား မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး အခြေအနေအား မသိရှိရသေးကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ဦးစန်းလွင်သည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ယခု စစ်အာဏာသိမ််းပြီးနောက် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတာဝန် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ယင်း ရေပူရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။