စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားစွာရင်ဆိုင်နေရသည့် မြန်မာပြည်သူလူထုသည် ယခု COVID -19ကပ်ရောဂါ တတိယလှိုင်းဖြင့် ထပ်မံရင်ဆိုင်နေရပြီး ဒုက္ခပေါင်းစုံ ရောက်နေသောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးကြပါရန် NUGအစိုးရက မေတ္တာရပ်ခံ တောင်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉၁၂ ဦး ၊ စစ်တပ်အားဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးထားသူ ၉,၂၇၇ ဦးရှိပြီး စစ်ဘေးဒဏ်သင့်နေသူ ၃ သိန်းကျော်နှင့် လူပေါင်း ၉သိန်းကျော် အကူ အညီလိုအပ်နေကြောင်း ရေးသားထားသည်။
ယခု COVID-19 တတိယလှိုင်းပြင်းထန်နေစဉ်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ကြိုတင် ပြင်ဆင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများကြောင့် မြန်မာပြည်သူများအနေဖြင့် ဆေးကုသခွင့်မရခြင်း၊ အောက်စီဂျင်ပြတ်လပ်ခြင်းများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာအနေဖြင့် ချက်ချင်းကူညီဆောင်ရွက်ပေးပါရန်တောင်းဆိုထားပြီး ကူညီဆောင်ရွက်မှုမရှိပါက မြန်မာနိုင်ငံသည် မျိုးကွဲရောဂါပိုး အပါအဝင် ကိုဗစ် ၁၉ ရောဂါပိုးအား ဒေသတွင်းနှင့် ကမ္ဘာသို့ အဓိကပြန့်ပွားစေလာနိုင်သည့် နိုင်ငံငယ်တစ်ခုဖြစ်လာနိုင်ပြီး နိုင်ငံတကာမှ ကောင်းမွန်သော ကျန်းမာရေးစနစ်တစ်ခု တည်ဆောက်ပေးစေလိုကြောင်း ရေးသားထားသည်။
မြန်မာပြည်သူလူထုအနေဖြင့် ခက်ခဲကြမ်းတမ်း သောကာလတစ်ခုအား ဖြတ်သန်းနေရပြီး မြန်မာ ပြည်အားချန်လှပ်မထားဘဲ ပူးပေါင်းဆောင်ရွက် ပေးကြပါရန်နှင့် နိုင်ငံတကာ၏ပန်းတိုင်ဖြစ်သည့် ကိုဗစ်ရောဂါကင်းစင်ရေးနှင့် မြန်မာပြည်သာယာဝပြောရေးသည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ထပ်တူဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။