ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ဆယ်မိုင်ခန့်အကွာရှိ စစ်ဘေးရှောင်များနေထိုင်သည့် မိုင်းတိမ်ရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက်ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း MPA က စုံစမ်းသိရှိရသည်။
ယနေ့ (နိုဝင်ဘာ ၉ရက်)၊ မနက် ၆နာရီ ဝန်းကျင်မှ စ၍ စစ်ကောင်စီတပ်၏ ယန္တရားတပ်အတွင်းမှ လက်နက်ကြီးများ ဖြင့် လားရှိုးမြို့အနီးရှိ ကျေးရွာများသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ၊ မိုင်းတိမ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုကျေးရွာ၌ စစ်ဘေးရှောင်ပြည်သူ ၅၀၀ခန့်ရှိပြီး၊ စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မိုင်းတိမ် ကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ကျရောက်ပေါက်ကွဲခဲ့ရာ၊ အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရကာ၊ အမျိုးသားတစ်ဦး ခြေထောက်ပြတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ မနက် ၆နာရီလောက်ထဲက ပစ်တာ၊ သုံးလုံးက ရွာထဲကျတာ ခေါင်းမိုးတည့်တည့် စစ်ရှောင်တွေ နေနေတဲ့ နေရာကို ကျတာ၊ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေတယ်။ အမျိုးသားတစ်ယောက်က ခြေထောက်ပြတ် သွားတယ်” ဟု မိုင်းတိမ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီး ပစ်ခတ်သည့် နေရာသည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ စစ်ယန္တရားတပ် အတွင်းမှဟု သိရပြီး၊ ကျေးရွာထဲ၌ မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များလည်း ရှိနေကြောင်း သိရသည်။
နိုဝင်ဘာ ၉ရက် နေ့လယ် ၁နာရီကျော်ထိ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲဖြစ်ရာ၊ စစ်ရှောင်များမှာ ဘုန်းကြီး ကျောင်းတစ်ခုအတွင်း ပုန်းအောင်းနေရပြီး ဒေသခံရွာသားများမှာလည်း နေအိမ်အပြင် မထွက်ရဲကြောင်း ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ မယိင်းလျန်းဟန်ကပြောသည်။
“ ဆက်တိုက်ပစ်နေတုန်းပဲ၊ ရွာထဲမှာ မပေါက်ကွဲသေးတဲ့ ကျည်တွေလည်း ရှိတယ်။ စစ်ရှောင်တွေကတော့ ဘုန်းကြီးကျောင်းထဲပဲ ပုန်းနေရတယ်။ သူတို့ပြေးစရာနေရာမှ မရှိတော့တာ၊ ရွာသားတွေလည်း ဘယ်သူမှ မထွက်ရဲဘူး” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ မယိင်းလျန်းဟန်က ပြောသည်။
ယခု ဖြစ်စဥ်၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်၏ မိခင်မှာ ထိုင်းနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်နေသူဟု သိရပြီး သမီးဖြစ်သူ သေဆုံးခဲ့ရခြင်းကြောင့် ဝမ်းနည်းကြေကွဲနေရကြောင်း သိရသည်။
“ သမီးလေးနဲ့ ၇ နှစ်ကျော်ခွဲပြီးတော့ ထိုင်းမှာအလုပ်ကြိုးစားငွေရှာခဲ့တယ်။ အခုအနာဂတ်ရှေ့ရေးအတွက် ပြည့်စုံပြီဆိုတော့မှ လက်နက်ကြီးကျပြီးသေသွားရတာလား” ဟု သေဆုံးခဲ့ရသည့် ကလေးငယ်၏ မိခင် မ Sao Tai ကပြောသည်။
မ Sai Tai မှာ သမီးငယ် သေဆုံးခဲ့ရသဖြင့် နေရပ်ပြန်လာရန် ကြိုးစားလျက်ရှိပြီး ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက အကူအညီပေးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
“ သူအခု ပြန်လာချင်လို့ ကျမတို့ကို အကူအညီတောင်းနေတယ်” ဟု မယိင်းလျန်းဟန်က ပြောသည်။
လက်ရှိတွင် လားရှိုးနှင့် မိုင်းယော်တိုက်နယ် အကြားရှိ ကျေးရွာအုပ်စုသုံးခု၌ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိကြောင်းလည်း သိရသည်။

