မန္တလေးမြို့၊ မြို့နယ်အချို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်(မာရှယ်လော)ကို ကားဖြင့်လှည့်လည် အော်ဟစ်ကာ အမိန့်ထုတ်ပြန်လျက်ရှိကြောင်း မြို့ခံများထံက သိရသည်။
သီတင်းကျွတ်လပြည့်နေ့မတိုင်ခင်ရက်တွင် မန္တလေးမြို့ အပါအဝင် အခြားမြို့ကြီးများကို စစ်ကောင်စီက ညမ ထွက်ရအမိန့်(မာရှယ်လော) ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲများ ပိုမိုအားကောင်းလာရာ မန္တလေးမြို့တွင် မထွက်ရအမိန့်(မာရှယ်လော) ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
“မနေ့က ည ၈ နာရီခွဲလောက်က ကားနဲ့လာအော်သွားတယ်ဗျ။ မနက် ၄၊ ည ၈ အတွင်း မထွက်ရတဲ့။ အခြားထွေ ထွေထူးထူးတော့ မအော်သွားပါဘူး။ လူမစုရတွေဘာတွေတော့ မအော်ဘူးဗျ” ဟု အောင်မြေသာစံမြို့နယ်နေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
လွန်ခဲ့သည့်ရက်ပိုင်းက မဟာအောင်မြေမြို့နယ်အတွင်း လှည့်လည်အော်ဟစ်မှု ပြုလုပ်ခဲ့သေးသော်လည်း စစ်ကောင်စီသည် ညမထွက်ရအမိန့်ကို မြို့နယ်တိုင်းတွင် လိုက်လံထုတ်ပြန်ခြင်းမဟုတ်ဘဲ ရပ်ကွက်အချို့ တွင်သာ လော်စပီကာဖြင့်လိုက်လံ အော်ဟစ်ခြင်းဖြစ်နေသဖြင့် ပြည်သူများအကြား ဝိဝါဒကွဲပြားမှုများလည်း ရှိနေသည်။
“ညမထွက်ရအမိန့်ကတော့ ဟုတ်တယ်လို့ပြောတယ်။ ဒါပေမဲ့ထွက်တဲ့လူကတော့ထွက်နေကြတာပါပဲ။ ကျွန်တော်တို့ဘက်တော့ မအော်ဘူးဗျ” ဟု မန္တလေးစျေးချိုအနီးရှိ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ညမထွက်ရအမိန့်ကို တိကျခိုင်မာစွာ တစ်မြို့လုံးတွင် လိုက်လံအော်ဟစ်အမိန့်ထုတ်ပြန်ခြင်း မရှိသော်လည်း ယခုရက်ပိုင်းအတွင်း လူငယ်များကိုပစ်မှတ်ထားကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လာသည်ကို တွေ့လာရသည်ဟု မြို့ခံများထံက သိရသည်။
“ဟိုတစ်နေ့ကဆို အတော်ဖမ်းခံရတယ်။ ၇ ရက်နေ့က ဖြစ်မယ်။ ၂၆၊ ၈၇ အိမ်တော်ရာဘုရားနားတွေမှာ ဖမ်းခံကြရတာ။ အများဆုံးကတော့ လူငယ်တွေပဲဖမ်းခံရတာ။ ဒီအချိန်ကတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ်မှတ်ချိန်ကျော် မထွက်ကြတာအကောင်းဆုံးပါ။ အလုပ်ဆင်း၊ ရုံးဆင်းတဲ့လူတွေနဲ့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးလမ်းဘေးထိုင်နေတဲ့သူတွေကအစဖမ်းနေကြတာ” ဟု မန္တလေးမြို့ဒေသခံအမျိုးသမီး တစ်ဦးက MPA သို့ပြောသည်။
ညပိုင်းဖမ်းဆီးမှုများရှိနေသကဲ့သို့ နေ့လည်ပိုင်းတွင်လည်း ဆိုင်ကယ်လိုင်စင်၊ တူးဘောက်၊ လွယ်အိတ်၊ ပိုက်ဆံ အိတ်နှင့် ဖုန်းစစ်ဆေးခြင်းများကို နေရာခပ်စိပ်စိပ်ပြုလုပ်လာကြပြီး တစ်မြို့လုံး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေ သည်ဟု သိရသည်။
မန္တလေးမြို့အနီး မြစ်ငယ်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အိမ်ထောင်စုနှင့် ဧည့်စာရင်းစစ် ဆေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။