ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့် နမ့်ခမ်းမြို့ရှိ အချို့နေရာများတွင် စစ်ကောင်စီတပ်က ပြည်သူများ၏ နေအိမ်များ ကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ တိုက်ပွဲတွေစဖြစ်ပြီဆိုတည်းက ကျမတို့တစ်ရွာလုံး စစ်ရှောင်ကြတာ၊ ကြောက်ကြောက်နဲ့ပြေးတော့ ဘာမှယူချိန် လည်းမရလိုက်ဘူး။ ဈေးဆိုင်တွေဆိုလည်း ဒီအတိုင်းပိတ်ပြီးထားခဲ့ကြတာ၊ သိမ်းချိန်လဲမရှိဘူးလေ၊ တစ်ရွာလုံးက လည်းကြောက်ကြောက်နဲ့ အိုးအိမ်တွေအကုန်စွန့်ပြီး ပြေးခဲ့ရတာပါ” ဟု လားရှိုးမြို့မတ်ချီနုရွာနေ စစ်ရှောင်အမျိုးသမီး တစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် မတ်ချီနုရွာအတွင်း စခန်းချနေထိုင်းပြီးနောက် အိုးအိမ်များစွန့်ကာ စစ်ရှောင်လာရသည့် ပြည်သူများ၏ နေအိမ်များကို နိုဝင်ဘာ ၅ရက်၌ ဖောက်ထွင်းမှုများပြုလုပ်ခဲ့ကြောင်း မတ်ချီနုရွာခံ အမျိုးသားတစ်ဦး ကပြောသည်။
“ လက်နက်အသံတွေဘာတွေမကြားတော့လို့ ရွာထဲခနပြန်ဝင်ပြီး လိုအပ်တာကို ကျတော်တို့ညီကိုနှစ်ဦးသွားယူတာ၊ ရွာအဝင်အထွက်စောင့်နေတဲ့ စစ်သားတွေက မှတ်ပုံတင်စစ်၊ ဖုန်းတွေစစ်ပြီး မှတ်ပုံတင်ပြန်မပေးဘဲ သိမ်းထားလိုက် တယ်။ ကိုယ်ရွာကိုယ်ပြန်ကြည့်တာ လိုအပ်တာလေးတွေပြန်ယူဖို့ရယ်၊ စစ်ရှောင်စခန်းတွေမှာလည်း လိုအပ်တာတွေ မျှသုံးဖို့ဆိုပြီးပြန်တာ၊ ရွာထဲက အိမ်တွေအကုန်နီးပါး မွှေနှောက်ခံထားရတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များကိုလည်း ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း၊ သာယာကုန်းရပ်ကွက်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ စခန်းသစ်ကုန်း စစ်တပ်စခန်းက စစ်သားတွေက အနီးနားမှာရှိတဲ့ နေအိမ်တွေကို သော့တွေဖျက်ပြီးဝင်မွှေတာဗျ၊ အိမ်တွေကိုဖျက်တဲ့အပြင် တန်ဖိုးကြီးပစ္စည်းတွေလည်း ယူသွားတယ်” ဟု သာယာကုန်းရပ်ကွက်ရှိ ဒေသခံအမျိုးသား တစ်ဦးက ရှင်းပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၇ရက်မှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်း ဖြစ်ပြီး၊ စစ်တပ်အထိုင်ချထားနိုင်သည့် မြို့နယ်အများစုတွင် ယခုကဲ့သို့ ပြည်သူပိုင်နေအိမ်များ ဖောက်ထွင်းခံရပြီး၊ တန်ဖိုးကြီးပစ္စည်းများ လုယူခံနေရခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


