စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သလ္လာရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဇူလိုင်လ ၂၀ ရက် မနေ့ညပိုင်းတွင် ဓားထိုးခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း သည် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊ရေကူးကန်လမ်းတွင် ဆိုင်ကယ်ဖြင့် သွားလာနေစဉ်
အမည်မသိလူတစ်စုက ဓားဖြင့်ထိုးသွင်းသတ်ဖြတ်ခဲ့ပြီး ရရှိဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ သူဆိုင်ကယ် စီးနေတုန်း နောက်က ဓားနဲ့ဝိုင်းထိုးတာ။ ဓားထိုးခံရပြီး အဲ့ဒီနေရာမှာဘဲ သေသွားတယ်လို့ သိရတယ်” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
သေဆုံးခဲ့သူ ဦးသိန်းထွန်းက ယခင်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည် ခန့်အပ်ရာတွင် လက်ခံခဲ့သူ ဖြစ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်နေသည့် ၄င်း၏နေအိမ်သို့ ရပ်ကွက်လူထုမှ ဆန္ဒပြ သံပုံးတီး မောင်းထုတ်ခဲ့မှုများ ရှိခဲ့ပြီး ၄င်း၏ နေအိမ်အတွင်းသို့ အသံဗုံး ဖောက်ခွဲခံရမှုများ ရှိခဲ့ကြောင်း သိရသည်။