စစ်ကောင်စီတပ်အတွင်းသတင်းများ ပေါက်ကြားနေသဖြင့် ရပ်ကျေးကောင်စီအဖွဲ့များကို စစ်ကောင်စီက ခေါ်ယူကာ သတင်းပေးလုပ်ပါက အရေးယူမည်ဟု ခေါ်ယူသတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း MPA က စုံစမ်းသိရသည်။
ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အဆိုပါမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီတပ်က ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီဘက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ဖုန်းများကို စစ်ဆေးခဲ့ပြီး အတွင်းသတင်းများပေါက်ကြားနေသဖြင့် ထိုသို့စစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် သတင်းပေးလုပ်နေကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။
“ ဟုတ်တယ် ဒီမနက်ခေါ်တာ။ ဖုန်းတွေယူစစ်တယ်။ ပြီးတော့ ဖရဲသီးရှာတာပေါ့ဗျာ။ တွေ့တော့ မတွေ့သွားဘူး။ စစ်လို့တွေရင် ဖမ်းမယ်၊ ထောင်ချပစ်မယ်၊ ချိတ်ပိတ်မယ်၊ ထုံးစံအတိုင်း ခြိမ်းခြောက်တာတွေ လုပ်တာပေါ့” ဟု တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ခင်မင်သူက ပြောသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်နေသည့်နေရာများသို့ တပ်ကူများပို့ထားရသဖြင့် လုံခြုံရေးအား အထူး ဂရုစိုက်ရန်နှင့် ဧည့်စာရင်းများကို တိုမြှင့်စစ်ဆေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီဘက်က မှာ ကြားထားသည်ဟုလည်း သိရသည်။
“ ဧရာဝတီတိုင်းမှာတော့ ရပ်ကျေးတွေနဲ့ ပြည်သူ့စစ်တွေကို ထုတ်ပေးထားတဲ့ လက်နက်တွေ စနစ်တကျကိုင်ဖို့၊ မသင်္ကာတဲ့လူတွေကို စောင့်ကြည့်ဖို့ ၊ လုံခြုံရေး သတိထားဖို့၊ ဧည့်စာရင်းတွေစစ်ဖို့ ဒီရက်ထဲခေါပြီး ညွှန်ကြား တယ်ပြောတယ်” ဟု ဧရာဝတီတိုင်းအတွင်းရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြုပြောသည်။
စစ်ကောင်စီက ၎င်းတို့စိုးမိုးမှုအားကောင်းသောမြို့များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရပ်ကျေးအုပ် ချုပ်ရေးအဖွဲ့ဝင်များကို ရုံးများဆေးပြန်သုတ်စေကာ ရုံးပြန်ထိုင်စေခြင်းများ ပြုလုပ်ထားပြီး စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးများ၊ ရဲများကို အရပ်ဝတ်ဖြင့် အစောင့်ထားရှိထားကြောင်း သိရသည်။
“ ကျွန်တော်တို့ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးရုံးကို ဆေးပြန်သုတ်ပြီး ရုံးပြန်ထိုင်နေပြီ။ ရုံးမှာ အုပ်ကြီးတို့အဖွဲ့အပြင် ရဲတွေ၊ စရဖတွေပါတွေ့တယ်။ ဘာလို့သိလည်းဆို အဲ့ဒီရဲတွေက အရင်ကစခန်းကကောင်တွေပဲမို့လို့ပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်အများအပြားသည် တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ကြံခြင်းကိုခံခဲ့ရသဖြင့် ရုံးမထိုင်ရဲခဲ့သော်လည်း ယခုနှစ်စမှစ၍ ရန်ကုန်အပါအဝင် စစ်ကောင်စီအားကောင်းရာ မြို့ကြီးအချို့၌ ရပ်ကွက်ရုံးများကို ပြန်လည်ဖွင့် လှစ်လာခဲ့ခြင်း ဖြစ်သည်။